စာဖတ်သူတို့အနေနဲ့ မီးဖိုချောင်ထဲမှာ စဉ်းနီတုံးတစ်ခုတည်းကိုပဲ အသားငါး လှီးလိုက်၊ ဟင်းသီးဟင်းရွက် လှီးလိုက် လုပ်နေမိပြီလား။ သစ်သီးဝလံများကို ပိုးလောင်းနားလို့ စိတ်ညစ်နေပြီလား။ အစားအစာတွေကို အမြဲတမ်းပုရွက်ဆိတ်တက်လို့ စိတ်ညစ်နေပြီလား။

ဒီပြဿနာများကို ဖြေရှင်းပေးမယ့် နည်းလမ်းကောင်းလေးတွေကို စာဖတ်သူတို့အတွက် မျှဝေပေးချင်ပါတယ်။

စဉ်းနီတုံးများကို ဘာ့ကြောင့် သပ်သပ်စီခွဲထားသင့်သလဲ

အသားလှီးတဲ့ စဉ်းနီတုံးသပ်သပ်၊ ဟင်းသီးဟင်းရွက်လှီးတဲ့ စဉ်းနီတုံးသပ်သပ် ထားသင့်ပါတယ်။ ဒါ့အပြင် သားငါး လှီးတဲ့ စဉ်းနီတုံးကိုတော့ ပလပ်စတစ်စဉ်းနီတုံး သုံးသင့်ပြီး ဟင်းသီးဟင်းရွက်အတွက်တော့ သစ်သားစဉ်းနီတုံး သုံးသင့်ပါတယ်။

အသား လှီးပြီးတဲ့အခါ အသားထဲက ဘက်တီးရီးယားများက သစ်သားကြားတွေထဲ ကပ်ကျန်နေခဲ့ပြီး ထိုစဉ်းနီတုံးကိုပဲ ဟင်းသီးဟင်းရွက်တွေ ပြန်လှီးတဲ့အခါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

သစ်သီးဝလံများကို ပိုးလောင်းမနားအောင် ဘယ်လိုလုပ်ရမလဲ

ဖန်ခွက်တစ်ခွက်ထဲသို့ ငှက်ပျောသီးအခွံထည့်ပါ။ ထို့နောက် စက္ကူတစ်ရွက်ကို ကန်တော့ပုံသဏ္ဍာန် ပြုလုပ်ပြီး ဖန်ခွက်ထဲ ထည့်လိုက်ပါ။ ဒါဆိုရင်တော့ ပိုးမွှားလေးများက ဖန်ခွက်နဲ့ စက္ကူကြားထဲမှာ အလိုအလျောက် ပိတ်မိလျက်သားဖြစ်သွားပါလိမ့်မယ်။

ဟင်းသီးဟင်းရွက်များကို စက္ကန့်ပိုင်းအတွင်း အရွက်ခြွေချင်တဲ့အခါ

ခြစ်ခုံ (သို့) ခြစ်ပြားတစ်ခုရဲ့ အပေါက်ထဲသို့ ဟင်းရွက်ကို အမြစ်ကနေ ထိုးထည့်လိုက်ပါ။ ထို့နောက် ဟင်းရွက်ပင်စည်ကို အပြင်သို့ ဆွဲထုတ်လိုက်တဲ့အခါ အရွက်များကို အလွယ်တကူ ခြွေပြီးသား ဖြစ်သွားပါတယ်။

ရေပိုက်ခေါင်းများ ညစ်ပတ်နေတဲ့အခါ

သွားတိုက်ဆေးအနည်းငယ်ကို လက်ထဲထည့်ပြီးနောက် ရေပိုက်ခေါင်းပေါ်တွင် ပွတ်တိုက်ပေးလိုက်ပါ။ မိနစ်အနည်းငယ် ကြာတဲ့အခါ အဝတ်စဖြင့် သုတ်ပေးလိုက်မယ်ဆိုရင် ထိုရေပိုက်ခေါင်းများက သန့်ရှင်းတောက်ပြောင်သွားပါလိမ့်မယ်။

သံချေးတက်နေတဲ့ အိုးခွက်၊ ပန်းကန်ခွက်ယောက်များကို လွှင့်ပစ်သင့်ပြီလား

မလွှင့်ပစ်ဘဲနဲ့ သံချေးများ ဖယ်ရှားပြီး အသစ်အတိုင်း တောက်ပြောင်သွားစေမယ့် နည်းလမ်းလေး ရှိပါတယ်။

အိုးအကြီးတစ်လုံးထဲသို့ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါ။ ထို့နောက် အလူမီနီယံစက္ကူပြား ထည့်ပါ။ သံချေးတက်နေသော ဇွန်းထည့်ပါ။ မုန့်ဖုတ်ဆိုဒါထည့်ပြီးနောက် ပွက်ပွက်ဆူလာအောင် တည်ပါ။

ထို့နောက် သံချေးတက်နေတဲ့ ဇွန်းကို ဆယ်ယူလိုက်မယ်ဆိုရင် ထိုဇွန်းက သံချေးများ ကင်းစင်ပြီး အသစ်အတိုင်းဖြစ်နေတာကို တွေ့မြင်ရပါလိမ့်မယ်။

ပုရွက်ဆိတ်တွေကို ဖယ်ရှားဖို့ရန်အတွက်

ပုရွက်ဆိတ်တက်နေတဲ့နေရာနားမှာ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းခန့် ချလိုက်ပါ။ ထို့နောက် မုန့်ဖုတ်ပေါင်ဒါ ဖြူးထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ဒါဆိုရင်တော့ သဘာဝအတိုင်း ပြုလုပ်ထားတဲ့ ပုရွက်ဆိတ်ထောင်ချောက်လေး ရရှိသွားပါပြီ။

Source: Blossom