ကော်ဖီကို မနက်ပိုင်းမှာ သောက်ရင် ကျန်းမာရေး အကျိုးကျေးဇူးများရှိပေမယ့် သောက်သုံးတာများလာရင်လည်း နှလုံးရောဂါဖြစ်နိုင်ချေရှိပါတယ်။

အဲ့တော့ တစ်နေ့ကို ကော်ဖီ ဘယ်နှစ်ခွက်သောက်သင့်သလဲဆိုတဲ့ မေးခွန်းက ပေါ်ထွက်လာပါတယ်။

မနက်မိုးလင်း ကော်ဖီတစ်ခွက် သောက်မယ်၊ အိမ်ကနေ ရုံးကိုလာတဲ့လမ်းမှာ နောက်တစ်ခွက်၊ ရုံးမှာ အိပ်ချင် ပင်ပန်းလာရင် နောက်တစ်ခွက်နဲ့ တစ်ခွက်ပြီး တစ်ခွက် သောက်ဖြစ်နေတတ်ပါတယ်။

သြစတေးလျ သုတေသန ပညာရှင်တွေကတော့ တစ်နေ့ကို ကော်ဖီ ၆  ခွက် နှင့် ၆ ခွက် အထက် သောက်သုံးလျှင် နှလုံးရောဂါဖြစ်နိုင်ချေကို ၂၂ ရာခိုင်နှုန်း တိုးမြင့်တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုတွင် အရွယ်ရောက်ပြီးသားလူများ၏ တစ်ဝက်လောက်မှာ နှလုံးရောဂါနှင့် ဆက်စပ်တဲ့ ရောဂါတွေဖြစ်နေကြပါတယ်။ နှစ်စဉ် လူ ၄ ယောက်တွင် ၁ ယောက်ဟာ နှလုံးရောဂါနဲ့ပဲ သေဆုံးကြပါတယ်။

ရိုက်တာ သတင်းဌာနက လုပ်ဆောင်ခဲ့တဲ့ သုတေသနအရ အမေရိကန်နိုင်ငံသား ၆၄ ရာခိုင်နှုန်းက တစ်နေ့ကို တစ်ကြိမ်တော့ ကော်ဖီသောက်ကြတာကိုတွေ့ရပါတယ်။

တောင်သြစတေးလျ တက္ကသိုလ်မှ ပြုလုပ်ခဲ့တဲ့ သုတေသနအရ တစ်နေ့ကို ကော်ဖီ ၆ ခွက်နီးပါး သောက်သုံးသူတွေဟာ နှလုံးရောဂါ အန္တရာယ်နှင့် ပိုနီးလေဆိုတာကို တွေ့ခဲ့ရပါတယ်။

ကော်ဖီသောက်သုံးရင် ရလာမယ့် အကျိုးများ

ကော်ဖီက စိတ်ကို လန်းဆန်းစေပြီး အာရုံစိုက်ရတာကိုကောင်းလာကာ အိပ်ချင် သန်းဝေတာကိုလည်း မဖြစ်စေတာကြောင့် အစည်းအဝေးတိုင်းမှာ ကော်ဖီက အရေးပါလာပါတယ်။

ကော်ဖီမှာပါဝင်တဲ့ Antioxidants ဓာတ်များက ဝိုင်နှင့် လက်ဖက်ရည်ထက်ပိုများနေပါတယ်။

ဟားဗတ်တက္ကသိုလ်ရဲ့ တွေ့ရှိချက်အရ ကော်ဖီပုံမှန်သောက်သုံးသည့် အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေ နည်းပါးတာကို တွေ့ရှိခဲ့ရပါတယ်။

ကော်ဖီကြောင့် ရရှိလာမယ့် ဆိုးကျိုးများ

ကော်ဖီမှာ ကဖိန်းဓာတ်တွေအများကြီးပါဝင်တာကြောင့် ညအိပ်မပျော်ခြင်း၊  စိတ်ပူပန်မှု၊ အစာအိမ် မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ရင်တုန်းခြင်း နှင့် တခြား ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။

ကော်ဖီအများကြီးသောက်တာများရင် ခေါင်းကိုက်၊ စိတ်ပူပန်၊ နှလုံးခုန်မြန်တာတို့ ဖြစ်စေနိုင်ပါတယ်။

ဘယ်လို သောက်သုံးမလဲ

ကော်ဖီကို အသင့်ဖျော် Instant ကော်ဖီ သောက်သုံးမယ့်အစား တကယ့်  ကော်ဖီစစ်စစ်ကို နှပ်ပြီးသောက်ပါ။ တစ်နေ့ကို တတ်နိုင်လျှင် ၂ ခွက်၊ ၃ ခွက်ထက် ပိုမသောက်ပါနဲ့။ ၆ ခွက် နီးပါးသောက်မိရင် သင်နှလုံးရောဂါ ဖြစ်နိုင်မယ်ဆိုတာကို သတိပြုမိပြီးမှ သောက်သုံးပါ။

ကော်ဖီမှာ အကျိုးကျေးဇူးတွေလည်း ရှိတာကြောင့် တန်ဆေးလွန်ဘေးကို သတိထားပြီး သောက်ကြတာပေါ့နော်။