ဒီနေ့ခေတ် ကမ္ဘာ့ လူဦးရေက အဆမတန် များပြားလာတာကြောင့် လူသားတွေ အားလုံးကို အစားအစာ လုံလောက်စွာရရှိဖို့ ခက်ခဲလာပါတယ်။

ဒါ့ကြောင့် အစားအသောက်ပိုင်းဆိုင်ရာ သိပ္ပံပညာရှင်တွေက ဒီပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာဖွေနေပါတယ်။

ဒါ့ကြောင့် လူသားတွေ အနာဂတ်မှာ စားသုံးရမယ့် အစားအစာများအကြောင်းကို ဝေမျှချင်ပါတယ်။

သုတေသန အခန်းထဲကနေ ထုတ်လုပ်တဲ့ အသားများ

လူဦးရေ များပြားလာတာနဲ့ အမီ စားနပ်ရိက္ခာတွေ ထုတ်လုပ်နိုင်အောင် သုတေသနအခန်းထဲကနေ အသားများထုတ်လုပ်နိုင်အောင် စမ်းသပ်နေကြပါတယ်။

တိရစ္ဆာန်တွေရဲ့ ချက်ကြိုးက ဆဲလ်တွေကိုယူပြီး အသားတွေကို ထုတ်လုပ်နေကြပါတယ်။ အခုတော့ စီးပွားဖြစ်မအောင်မြင်သေးပါဘူး။ ၄၅၀ ဂရမ်ရှိတဲ့ အသားတစ်တုံးကို သုတေသန အခန်းထဲမှာ ထုတ်လုပ်ရင် အမေရိကန်ဒေါ်လာ ၂၄၀၀ ကုန်ကျနေပါတယ်။

ရေညှိ (Algae)

ရေညှိ (Algae) တွေမှာ Omega-3 Fatty အက်ဆစ် ပါဝင်တာကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

သိပ္ပံပညာရှင် မိုက်ကယ် ဘာတန် နဲ့ မီချီကို နီတာတို့က လူသားတွေ အသက်ရှူနေရုံနဲ့ ရေညှိတွေ ထုတ်လုပ်နိုင်တဲ့ အထူးတီထွင်ထားတဲ့ မျက်နှာဖုံးတစ်ခုကို ပြသခဲ့ပါတယ်။

စားလို့ရတဲ့ ရေဗူးများ

လန်ဒန်မြို့မှာအခြေစိုက်တဲ့ နည်းပညာပိုင်းဆိုင်ရာ စွန့်ဦးတီထွင်သူတစ်ဦးက စားလို့ရတဲ့ ပလပ်စတစ်ဗူးကို ရေညှိကို အခြေခံပြီး ထုတ်လုပ်ပြသလိုက်ပါတယ်။

ပလပ်စတစ်အစား ရေညှိကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ဗူးကတခြား အလှကုန် အရည်ပစ္စည်းတွေကိုပါ ထည့်လို့ရပါတယ်။

ရေညှိက ပလပ်စတစ်ထက် ဈေးပိုသက်သာတယ်လို့ဆိုထားတာကြောင့် နောက်ပိုင်းမှာ ရေညှိနဲ့ပြုလုပ်ထားတဲ့ စားလို့ရတဲ့ ဗူးတွေ ပေါ်ထွက်လာတော့မှာပါ။

သုတေသန အခန်းထဲက ထုတ်လုပ်တဲ့ ငါး နဲ့ ပင်လယ်စာ အတုများ

အသားတွေဘဲ သုတေသနအခန်းထဲမှာ ထုတ်လုပ်နိုင်မှာမဟုတ်ဘဲ ငါးတွေကိုလည်း ထုတ်လုပ်နိုင်နေပါပြီ။

၂၀၀၂ ခုနှစ်မှာ Touro College က သိပ္ပံပညာရှင်တွေက ငါးကို သုတေသနအခန်းထဲကနေ ထုတ်လုပ်နိုင်ခဲ့ပါပြီ။

New Wave Foods ဆိုတဲ့ သိပ္ပံပညာရှင်အဖွဲ့ကလည်း ပုစွန်တို့၊ ကျောက်ပုစွန်တို့ကို သုတေသနအခန်းထဲကနေ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အင်းဆက်များ

ပုရစ်လို အင်းဆက်များကို လူတွေ ပိုစားလာရမှာဖြစ်ပါတယ်။ ပုရစ်တို့လို အင်းဆက်တွေကို မြန်မာနိုင်ငံနဲ့ အာရှနိုင်ငံတော်တော်များများမှာ စားသုံးကြပေမယ့် ကမ္ဘာမှာ စားသုံးမှုနည်းပါသေးတယ်။

ကုလသမဂ္ဂ အစားအစာနဲ့စိုက်ပျိုးရေးအဖွဲ့က ကမ္ဘာမှာ လူ သန်း၂ ထောင်လောက်တာ အင်းဆက်တွေကို စားသုံးကြတယ်လို့ ဆိုပါတယ်။ အင်းဆက်တွေမှာ အဆီ၊ ပရိုတင်း၊ ဗီတာမင်၊ အမျှင်ဓာတ်နဲ့ တခြား အာဟာရဓာတ်တွေ အများကြီးပါဝင်နေပါတယ်။

ဒါပေမယ့် ကမ္ဘာလူဦးရေများပြားလာပြီး စားနပ်ရိက္ခာရှားပါးလာရင်တော့ အင်းဆက်တွေပါ စားသုံးရတော့မှာပါ။

DNA နဲ့ကိုက်ညီတဲ့ အစားအစာတွေ စားလာနိုင်

DNA စစ်ဆေးတဲ့ နည်းပညာက တဖြည်းဖြည်း ဈေးသက်သာလာပြီး အိမ်တွေမှာ Application နဲ့ စစ်ဆေးလို့ရနိုင်လောက်အောင် လွယ်ကူလာမှာပါ။

ဒါဆိုရင် ကိုယ့် DNA နဲ့ဆို ဘယ်လို အစားအစာ၊ ဘယ်လို အသီးအနှံကကိုက်ညီလဲဆိုတာ စစ်ဆေးပြီး စားသောက်နိုင်လာမှာပါ။

လူတိုင်းရဲ့ DNA က တစ်ယောက်နဲ့ တစ်ယောက်မတူညီတာကြောင့် ကိုယ်နဲ့ကိုက်ညီတဲ့ နေထိုင်စားသောက်ပုံစံကို ကိုယ်တိုင်ဆွဲနိုင်ကာ စားသောက်နေထိုင်နိုင်မှာပါ။