အားလုံးပဲ မင်္ဂလာပါနော်။ မီးဖိုချောင်မှာရှိတဲ့ အစားအစာလေးတွေက ဟင်းချက်ဖို့အပြင် အိမ်သန့်ရှင်းရေးအတွက်လည်း ဘက်စုံအသုံးဝင်ပါတယ်။

ရှာလကာရည်၊ သကြား၊ လက်ဖက်ခြောက်၊ သံပုယိုသီး၊ မုန့်ဖုတ်ဆိုဒါ စသည်တို့ကို အိမ်သန့်ရှင်းရေးအတွက် ဘယ်လိုအသုံးပြုနိုင်သလဲဆိုတာကို ဆက်လေ့လာကြည့်ရအောင်။

ရှာလကာရည်

ရှာလကာရည်က ရေချိုးခန်း၊ အိမ်သာ၊ ပြတင်းပေါက်၊ ကြမ်းပြင်စတာတွေကို သန့်ရှင်းတောက်ပြောင်သွားအောင် ပြုလုပ်ပေးနိုင်တဲ့ ဘက်စုံသုံးပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ သံပုရာခွံ၊ သံပုယိုခွံအနည်းငယ်ကို ရှာလကာရည်နဲ့ ရောနှောလိုက်ခြင်းအားဖြင့် မီးဖိုချောင်ရှိ ချေးညှော်များကို ဖယ်ရှားပေးနိုင်တဲ့ သဘာဝဆပ်ပြာတစ်မျိုးရရှိနိုင်ပါတယ်။

ပြုလုပ်နည်းကတော့ သံပုယိုခွံ (သို့) လိမ္မော်ခွံကို ရှာလကာရည် စားပွဲတင်ဇွန်း ၆၄ ဇွန်းထဲ ထည့်စိမ်ထားလိုက်ပါ။ နှစ်ပတ်ကြာအောင် စိမ်ထားပြီးတဲ့နောက်မှာ စပရေးဘူးထဲ ထည့်ကာ မိမိအသုံးပြုချင်တဲ့နေရာတွေအတွက် ဖြန်းကာ အသုံးပြုပေးလိုက်ရုံပါပဲ။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါက အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးပြီး မွှေးပျံ့တဲ့အနံ့အသက်များ ရရှိအောင် ကူညီပေးပါတယ်။ ရေခဲသေတ္တာထဲတွင် မုန့်ဖုတ်ဆိုဒါဘူးကို ထည့်ထားရုံနဲ့တင် ရေခဲသေတ္တာထဲရှိ အနံ့အသက်ဆိုးများကို စုပ်ယူပေးနိုင်ပါတယ်။ ဒါ့အပြင် အမှိုက်ပုံးထဲ မုန့်ဖုတ်ဆိုဒါမှုန့် အနည်းငယ်ဖြူးထည့်ပေးလို့လည်း ရပါသေးတယ်။

လက်ဖက်ခြောက်အိတ်

မုန့်ဖုတ်ဆိုဒါ ကုန်သွားပြီဆိုရင်တော့ လက်ဖက်ခြောက်အိတ်အသုံးပြုနိုင်ပါတယ်။ အသုံးပြုပြီးသား လက်ဖက်ခြောက်အိတ်ကို ချက်ချင်းမလွှင့်ပစ်ဘဲ ပန်းကန်လုံးအသေးတစ်လုံးထဲထည့်ထားကာ ရေခဲသေတ္တာထဲထည့်ထားလိုက်ပါ။ လက်ဖက်ခြောက်အိတ်က အနံ့အသက်ဆိုးများကို စုပ်ယူပေးပြီး မွှေးပျံ့တဲ့ရနံ့များ ထုတ်လွှတ်ပေးပါလိမ့်မယ်။

သံပုယိုသီး

သံပုယိုရည်ကို မုန့်ဖုတ်ဆိုဒါနဲ့ အနည်းငယ်ကို ရောနှောကာ အသုံးပြုနိုင်သလို သံပုယိုခွံအနည်းငယ်ကို ရှာလကာရည်ထဲထည့်ကာ နှစ်ပတ်ခန့် စိမ်ထားလိုက်ပါ။ ဒါဆိုရင်တော့ ဘက်စုံအသုံးပြုနိုင်တဲ့ ဆပ်ပြာတစ်မျိုး ရရှိသွားပါလိမ့်မယ်။

သကြား

သကြားကိုလည်း အနံ့အသက်ကောင်းမွန်အောင် အစွန်းအထင်းများ ဖယ်ရှားနိုင်အောင် အသုံးပြုနိုင်ပါတယ်။ ကော်ဖီကြိတ်စက်ထဲသို့ သကြားများ ဖြူးထည့်ပေးလိုက်ပါက ဆီနှင့် အနံ့ဆိုးများကို စုပ်ယူပေးပါလိမ့်မယ်။

ဒါ့အပြင် သကြားကို အဝတ်လျှော်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သကြားကို ရေနှင့် ရောပြီး အနှစ်များဖြစ်သွားအောင် ပြုလုပ်ပါ။ ရရှိလာတဲ့အနှစ်ကို အဝတ်စားပေါ်ရှိ စွန်းထင်းနေသောနေရာပေါ်တွင် သုတ်လိမ်းကာ တစ်နာရီခန့် စိမ်ထားလိုက်ပါ။ ပြီးမှ ဆပ်ပြာနဲ့လျှော်ဖွပ်ပေးလိုက်ရုံပါပဲ။

Source: Bobvila.com