အလုပ်စားပွဲမှာ အချိန်အကြာကြီးထိုင်ပြီး အလုပ်လုပ်နေရလို့ ခါးနာနေပြီလား။ ဒါမှမဟုတ် အလေးအပင်တွေ မနေရလို့ ခါးနေရတာလား။ ပုံမှန်ဆိုရင်တော့ အသက် ၃၅ ကျော်လာတာနဲ့ အရိုးအဆစ်များက အားနည်းသွားတာကြောင့် သက်ကြီးပိုင်းတွေမှာ ခါးနာဝေဒနာ ပိုအဖြစ်များကြပါတယ်။

ခါးနာရခြင်း အကြောင်းအရင်းတွေကတော့ အလေးအပင်မခြင်း၊ ခန္ဓာကိုယ်ကို အနေအထားမှန်မှန် မထိုင်ခြင်း၊ အိပ်စက်မှုပုံသဏ္ဍာန် မမှန်ခြင်း၊ ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ မွေ့ယာက သက်သောင့်သက်သာမရှိခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်ဝန်ဆောင်နေရခြင်း စတဲ့ အကြောင်းအရင်းတွေကြောင့်ပဲဖြစ်ပါတယ်။

ဘယ်လိုအကြောင်းအရင်းကြောင့်ပဲ ခါးနာနေပါစေ၊ အခုဖော်ပြပေးမယ့် သဘာဝကုသနည်းတွေကို အသုံးပြုမယ်ဆိုရင်တော့ ခါးနာဝေဒနာက ယူပစ်သလိုပျောက်ကင်းသွားပါလိမ့်မယ်။

ကြက်ဆူဆီ

ကြက်ဆူဆီ စားပွဲတင်ဇွန်း တစ်ဇွန်းကို နွေးနွေးလေးဖြစ်သွားအောင် အပူပေးလိုက်ပါ။ ထို့နောက် ခါးနာတဲ့နေရာတစ်ဝိုက်မှာ သုတ်လိမ်းပေးလိုက်ပါ။ ညအိပ်ယာဝင်ခါနီးတိုင်း မှန်မှန်လိမ်းပေးကာ နှိပ်နယ်ပေးမယ်ဆိုရင်တော့ ခါးနာဝေဒနာပျောက်ကင်းသွားပါလိမ့်မယ်။

သံလွင်ဆီ

ကြက်ဆူဆီ အသုံးမပြုချင်သူများအနေနဲ့ သံလွင်ဆီကို အစားထိုးအသုံးပြုနိုင်ပါတယ်။ သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းကို အပူပေးပါ။ ထို့နောက် ခါးနာတဲ့နေရာတစ်ဝိုက်မှာ သုတ်လိမ်းကာ နှိပ်နယ်ပေးလိုက်ပါ။ တစ်ရက်ကို အနည်းဆုံး တစ်ကြိမ်ခန့်တော့ လိမ်းကျံပေးရပါမယ်။

နနွင်းမှုန့်နှင့် နွားနို့

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ပူပူနွေးနွေးဖြစ်နေတဲ့ နွားနို့ တစ်ဖန်ခွက်နဲ့ ရောနှောပေးလိုက်ပါ။ ရရှိလာတဲ့အရောအနှောကို တစ်နေ့နှစ်ကြိမ်ခန့် သောက်သုံးပေးရပါမယ်။ နွားနို့နဲ့ နနွင်းမှုန့်ရဲ့ ပေါင်းစပ်အာနိသင်က ခါးနာဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ဂျင်း

နှစ်လက်မပတ်လည် အရွယ်အစားရှိ ဂျင်းတုံးတစ်တုံး၊ ရေနွေးပူ ၂၅၀ မီလီလီတာခန့်နှင့် ပျားရည် အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ် (ပျားရည် အသုံးမပြုလည်း ရပါတယ်။ အရသာ ကောင်းကောင်းလေးကိုမှ သောက်သုံးချင်သူများကတော့ ပျားရည် ထည့်ပေးလိုက်ပါ)။ ဂျင်းတုံးကို အခွံခွာပြီး ရေနွေးပူထဲမှာ ၅ မိနစ်၊ ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ထို့နောက် ပျားရည် ထပ်ထည့်ပါ။ ရရှိလာတဲ့ဖျော်ရည်ကို မအေးခင်မှာ ပူပူနွေးနွေးလေး သောက်သုံးပေးလိုက်ပါ။

တစ်ရက်ကို နှစ်ကြိမ် သောက်သုံးပေးရပါမယ်။ ဂျင်းထဲမှာ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို သက်သာစေတဲ့ အစွမ်းထက်ပစ္စည်းများ ပါဝင်ပါတယ်။

ပူစီနံရွက်

ပူစီနံရွက် အနည်းငယ်ကို ရေနွေးပူ ၂၅၀ မီလီလီတာထဲမှာ ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ထို့နောက် ပျားရည်အနည်းငယ်ကို ထပ်ပေါင်းထည့်ပြီးနောက် ရေနွေး မအေးခင်မှာ ပူပူနွေးနွေးလေး သောက်သုံးလိုက်ပါ။

တစ်ရက်ကို နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ် သောက်သုံးပေးရပါမယ်။ ပူစီနံရွက်ရဲ့ အဆီကိုလည်း နာကျင်နေတဲ့နေရာတစ်ဝိုက်မှာ လိမ်းကျံပေးလို့လည်း ရပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ ၁၀ မြွှာခန့်ကို အနှစ်များရအောင် ထောင်းလိုက်ပါ။ ထို့နောက် ခါးနာတဲ့နေရာမှာ ကပ်ထားလိုက်ပါ။ အဝတ်စသန့်သန့်လေးတစ်ခုကို ကြက်သွန်ဖြူ လိမ်းထားတဲ့နေရာမှာ အုပ်ထားပေးလိုက်ပါ။ မိနစ် ၃၀ ခန့်ကြာမှ ကြက်သွန်ဖြူကို ဖယ်ရှားကာ ရေဆေးလိုက်ပါ။

ဒီနည်းလမ်းကိုတော့ တစ်ရက်ကို နှစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။ ကြက်သွန်ဖြူ ၃ မြွှာခန့်ကိုလည်း အိပ်ရာနိုးတဲ့အချိန်တိုင်း စားသုံးပေးနိုင်ပါတယ်။

နာနတ်သီး

နာနတ်သီး တစ်ခြမ်းကို အတုံးသေးသေး တုံးပြီးနောက် ရေ ၂၅၀ မီလီလီတာခန့်ဖြင့် ဖျော်စက်ထဲ ထည့်ဖျော်လိုက်ပါ။ ရရှိလာတဲ့ နာနတ်သီးဖျော်ရည်ကို နေ့တိုင်း သောက်သုံးပေးမယ်ဆိုရင်တော့ ခါးနာဝေဒနာ သက်သာသွားပါလိမ့်မယ်။

Source: Stylecraze.com