ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးအတွက်ကောင်းပြီး အရသာလည်းရှိပါတယ်။

ဒါပေမယ့် ဟင်းချက်နည်းအမှားတွေနဲ့ချက်ပြုတ်လိုက်ရင်တော့ ကောင်းမှာမဟုတ်ပါဘူး။ ဟင်းလျာတွေကို ကောင်းမွန်စွာ မချက်ပြုတ်တတ်ရင် ဟင်းသီးဟင်းရွက်တွေ မည်းတူးပြီး အရသာရှိမှာမဟုတ်ပါဘူး။ ဒါ့အပြင် ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ အာဟာရဓာတ်တွေပါ ဆုံးရှုံးနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်တိုင်းကို မချက်ပြုတ်သင့်ပါဘူး

တချို့ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ကြက်သွန်နီ၊ ပန်းဂေါ်ဖီစိမ်း၊ နိုကိုဥ၊ ငရုတ်ပွသီးတို့တွေက အစိမ်းစားရင် ပိုပြီး အာဟာရ ရှိပါတယ်။ တချို့ ဟင်းသီးဟင်းရွက်တွေကလည်း အပူနဲ့တွေ့တော့မှ အာဟာရ ဓာတ်ပိုရှိလာတာမျိုးလည်းရှိပါတယ်။

ကညွှတ်ဆိုရင် အပူနဲ့ တွေ့မှ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တွေ ထွက်လာတာပါ။ မှိုတွေက ကင်၊ ကြော်တာတို့လုပ်မှာ ပိုတက်ဆီယမ်ဓာတ်ပိုရရှိလာတာပါ။

Spinach အရွက်က ချက်ပြုတ်လိုက်ရင် ကယ်ဆီယမ်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ခန္ဓာကိုယ်က ပိုပြီး စုပ်ယူနိုင်ပါတယ်။

ခရမ်းချဉ်သီးကို အများအားဖြင့် အစိမ်းစားတတ်ကြပေမယ့် ခရမ်းချဉ်သီးကို ချက်လိုက်ရင် ထွက်ရှိလာတဲ့ Lycopene ဓာတ်က ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။

ဟင်းသီးဟင်းရွက်တွေ မချက်ခင် အစောကြီးကတည်းက ကြိုပြီး မပြင်ဆင်ထားပါနဲ့

ဟင်းချက်တဲ့သူတော်တော်များများက ဟင်းသီးဟင်းရွက်တွေကို ချက်ခါနီးမှာ လှီးချွတ်ပြင်ဆင်တာထက် အစောကြီးကြိုတင် ပြင်ဆင်လေ့ရှိပါတယ်။

အစောကြီး ကြိုတင်ပြင်ဆင်ထားရင် ဟင်းသီးဟင်းရွက်တွေ နွှမ်းလာတဲ့အခါမှာ အာဟာရဓာတ်တွေနဲ့ ရေဓာတ်တွေ ဆုံးရှုံးနိုင်ပါတယ်။

ဈေးကဝယ်လာတာနဲ့ချက်ခြင်း ရေဆေးတာမျိုးကလည်း အသီးအရွက်တွေကို နွမ်းစေပြီး အာဟာရဓာတ်တွေဆုံးရှုံးစေပါတယ်။ ရေမဆေးဘဲ ရေခဲသေတ္တာထဲမှာ သိမ်းထားပြီး ချက်ခါနီး ၁ နာရီလောက်အလိုမှ ရေဆေး လှီးချွတ်ပြီး ချက်သင့်ပါတယ်။

တူးသွားတဲ့ အသီးအရွက်များ

စိမ်းစိမ်း စိုစိုနဲ့လှပတဲ့ ပန်းဂေါ်ဖီတွေကို ဟင်းချက်ရင်း ဒယ်အိုးထဲမှာ တဖြည်းဖြည်း နွှမ်းနွှမ်းဖတ်ဖတ်အရောင် ပြောင်းသွားတာ ကြည့်ရတာ စိတ်မကောင်းပါဘူး။

ဒီလိုအခြေအနေမှာဆိုရင် မြည်းကြည့်ရင် အရသာက ကောင်းမှာမဟုတ်ပါဘူး။ ညိုမည်းသွားတဲ့ ဟင်းသီးဟင်းရွက်တွေကို ဟင်းချိုထဲထည့်လိုက်တာ ဒါမှမဟုတ် ရေခဲသေတ္တာထဲမှာ ၁ ရက်ထားပြီး သံလွင်ဆီလေးနဲ့ သုတ်စားတာမျိုး ပြန်လုပ်လို့ရပါတယ်။

ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်ရာမှာ ချက်ပြုတ်တဲ့အချိန်ကို သတိထားသင့်ပါတယ်။ မုန်လာဥနီ၊ အာလူးတို့လို ဟင်းသီးဟင်းရွက်တွေက တခြားဟင်းသီးဟင်းရွက်တွေထက် အချိန်ပိုယူပြီး ချက်ပြုတ်ရပါတယ်။ ဟင်းသီးဟင်းရွက်တွေ ကြော်မယ်ဆိုရင် အကျက်နှေးတဲ့ အရွက်ကို အရင်ထည့်ပြီးမှ အကျက်မြန်တဲ့ အရွက်တွေကို နောက်ဆုံးထည့်သင့်ပါတယ်။

ဟင်းသီးဟင်းရွက်များကို ပြုတ်ပြီး ချက်ခြင်း

ဟင်းသီးဟင်းရွက်တွေကို မကြိုက်ဖူးလို့ပြောကြသူတွေမှာ ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကိုဘဲ စားဖူးကြတာများပါတယ်။

ဟင်းသီးဟင်းရွက်တွေကို ပြုတ်ပြီး ချက်တာက အမြန်ဆုံးနည်းလမ်းဖြစ်ပေမယ့် အရသာရော အာဟာရတွေရောပါ ကောင်းစွာမရရှိတတ်ကြပါဘူး။

ဟင်းချိုလုပ်ဖို့ကလွဲပြီး ဟင်းသီးဟင်းရွက်တွေကို မပြုတ်ပါနဲ့ ။ ပြုတ်ပြီး ချက်မှရမယ့် နည်းလမ်းတွေဆိုရင်လည်း ဟင်းသီးဟင်းရွက်တွေကို ပြုတ်ပြီး နူးရင် ချက်ခြင်း ဖယ်ပြီး ရေခဲတုံးနဲ့ ပြန်စိမ်ထားပါ။ ဒါမှ သူတို့ရဲ့ စိမ်းတဲ့ အရောင်လေးတွေ မပျက်ပြယ်သွားမှာဖြစ်ပါတယ်။

အိုးထဲမှာ ဟင်းသီးဟင်းရွက်တွေ စုပုံနေခြင်း

ကိုယ့်ဒယ်အိုး အရွယ်အစားအပေါ်မူတည်ပြီး ဟင်းသီးဟင်းရွက်တွေဘယ်လောက်ထည့်ချက်ရမလဲဆိုတာ စဉ်းစားပါ။ အိုးထဲမှာ စုပြုံနေရင် ကျက်တာခြင်းလည်း မညီတော့တာကြောင့် အရသာရှိမှာ မဟုတ်ပါဘူး။