လတ်ဆတ်မှုမရှိ ရင့်ထော်နေတဲ့ ဟင်းသီးဟင်းရွက်များဟာ ကျန်းမာရေးနဲ့ မညီညွတ်သလို၊ အာဟာရဂုဏ်သတ္တိ တန်ဖိုးများ လည်း ပျက်ပြယ်သွားပြီမို့မည်သို့ပင် ငွေကုန်ခံ အချိန်ကုန်ခံပြီး ဝယ်ယူချက်ပြုတ်ထားပါသော်လည်း၊ အရသာမရှိ အချည်းနှီးဖြစ်ရပါတယ်။ နေ့တူတကွ ချက်ပြုတ်စားသောက်နေရသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတို့ကို နည်းမှန်လမ်းမှန်ဖြင့် ရွေးချယ်တတ်မှသာ ကျန်းမာသုခ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်မှာပါ။

သို့ပါ၍ အိမ်ထောင်ရှင်မ(စားဖိုမှူး)များအတွက် ဟင်းသီးဟင်းရွက်များ အနုအရင့်ရွေးချယ်နည်းများကို ဆောင်းပါးရှင် ပေါက်ပေါက်ရဲ့ ဆောင်းပါးဖြင့် အောက်ပါအတိုင်း အသိပေးမျှဝေလိုက်ရပါတယ်။

ခဝဲသီး

ribbed-gourd

အသီးရဲ့အညှာဘက်ထိပ်မှ မသိမသာချိုးကြည့်ခြင်းဖြင့်အနုအရင့်ကိုသိနိုင်ပါတယ်။ အခွံမြှောင်းတိမ်ပြီး မြှောင်းကျယ်နေလျှင်ရင့်ပြီး၊ မြှောင်းကျဉ်းလျှင် နုပါတယ်။ အစိမ်းရောင်တောက်တောက် အသီးကလည်းနုပါတယ်။

သြဇာသီး

0571fba4a37989165e2bc7534812bad4_xl

သြဇာသီးကို ကိုင်ဆကြည့်တဲ့အခါ၊ လက်ထဲမှာအလေးချိန်စီးပြီးမျက်ကွင်းကျယ်သော အသီးရင့်ရင့်ကိုသာရွေးချယ်ပါ။ အသီး တွေမပိပြားရလေအောင် အင်ဖက်တွေဖြင့် အထပ်လိုက်ဖုံးအုပ်ထားပါ(သို့)ဆန်အိုးထဲမှာအမှည့်ခံပါ။ အသီးနုနုတို့ကို အချိန် ကြာမြင့်စွာအုပ်ထားသော်လဲ မမှည့်လာဘဲ မှိုတက်ပြီးမည်းသွားတတ်ပါတယ်။

ရုံးပတီသီး

အဖိုးနည်းပေမယ့် အကျိုးမနည်းတဲ့ ရုံးပတီသီး

ရုံးပတီသီး အနုအရင့်ကိုခွဲခြားနိုင်ဖို့အတွက် အဖျားဘက်ရှိ အချွန်လေးကို ချိုးကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။ ချိုးလိုက်၍ ဆတ်ခနဲကျိုးသွားလျှင်နုပြီး၊ မကျိုးဘဲထိပ်ကွဲသွားလျှင် ရင့်ပါတယ်။

ခရမ်းသီး

eggplant-little-green

နှိပ်ကြည့်ပါက မာနေရင်ရင့်ပါတယ်။ လတ်ဆတ်သော ခရမ်းသီး၏အရောင်မှာ ခရမ်းသွေးကျပြီးပြောင်လက်နေပါတယ်။ ရှုံ့ပြီး ပျော့နေလျှင် မလတ်ဆတ်တော့ပါဘူး။ (ခရမ်းရှည်သီး-ခရမ်းဝိုင်းသီး-ခရမ်းကြွပ်သီးများအားလုံးကိုဤနည်း အတိုင်းသာရွေးချယ် ပါ)

တည်သီး

77144_290324057765778_1089374282_n

မရင့်မှည့်ခင်အရောင်မှာခပ်ဖျော့ဖျော့ရှိပြီး၊ အပေါ်ယံအရေခွံများလည်း မာတင်းနေပါတယ်။ အသီးမမှည့်သေးခင်စားပါက အရသာအလွန်ဖန်ပါတယ်။ တည်သီးမှည့်လာသောအချိန်တွင် အရောင်ရင့်သွားပြီး၊ အခွံလည်းပျော့အိလာကာ မှည့်လေချိုလေပါဘဲ။ မျိုးစိပ်ပေါ်မူတည်ပြီး တည်သီးကို လိမ္မော်ဝါရောင်(သို့)လိမ္မော်နီရောင် အဖြစ်မြင်တွေ့နိုင်ပါတယ်။ လိမ္မော်နီရောင် အသီးမျိုးကအရသာပိုကောင်းပါတယ်။ မမှည့်သေးတဲ့တည်သီးကို ဆန်အိုးထဲထည့်၍အမှည့်ခံပေးနိုင်ပါတယ်။

ဒန့်သလွန်သီး

drumstick

လတ်ဆတ်ပြီးနုတဲ့ ဒန့်သလွန်သီးရဲ့အရောင်ဟာစိုပြည်ပြီးအစိမ်းရောင်ဖြစ်ပါတယ်။ မွဲခြောက်ပြီးပြုပ်ထ၍ ချေးကွက်တွေဖြစ်ပေါ် နေရင် ရင့်တတ်ပါတယ်။ အခွံမှာ အမြှောင်း သုံးခုလည်းပေါ်နေခြင်းကလည်းအသီးရင့်တဲ့ လက္ခဏာတွေပါဘဲ။

ပိန္နဲသီး

jackfruits

ဘို့(အဆူး)ကြီးလေ၊ အထဲကပိန္နဲသီး အမွှာထွားလေးဖြစ်ပြီး အရသာပိုကောင်းပါတယ်။ နောက်ပြီး ဘို့(အဆူး)ကျဲတဲ့ အသီးကို ရွေးချယ်ပါ။ မြန်မြန်မှည့်လာပါလိမ့်မယ်။ မာလာဖူး တို့စရာတမျိုးဖြစ်တဲ့ မာလာဖူးတွေရင့်သွားတဲ့အခါ ကြမ်းတမ်း၍ဝါးလို့လည်း မကောင်းတော့ပေ။ အပွင့်ကားပြီး အဝါဝတ်ဆံများ ထွက်ပေါ်နေရင်ရင့်တတ်ပါတယ်။ မာလာဖူးနု၏အရောင်က မရမ်းစေ့ရောင်ဖြစ်ပါတယ်။ မရမ်းရောင်ထက်ဖျောတော့ပြီး ပွင့်ဖတ် အဆင့်များရင်လည်း ရင့်တတ်ပါတယ်။

ဖရဲသီး

Watermelons

အရွယ်ချင်းတူသော်လည်း အလေးချိန်ပိုစီးသောအသီးမျိုးကိုရွေးချယ်ပါ။ အပေါ်ယံအခွံကိုကြည့်ပါ အသီး၏တခြမ်းက စိမ်းစိုနေပြီး၊ ကျန်တခြမ်းက အတန်ငယ်ဝါနေသော အခွံသီးမျိုးက အရသာပို၍ချိုပါတယ်။ (အဘယ်ကြောင့်ဆိုသော်ဖရဲသီးဟာ မြေပေါ် မှာ ဝပ်တွားသီးတဲ့အမျိုးအစား ဖြစ်တာကြောင့်၊ မြေဆီလွှာနဲ့ထိတဲ့အပိုင်းက စိမ်းစိုနေပြီး၊ နေရောင်ခြည်ကောင်းစွာထိတဲ့အပိုင်းကဝင်းဝါနေခြင်းဖြစ်၍ နေ-လေ-မြေဆီလွှာဓာတ်တို့ ပြည့်ဝတဲ့အသီးချိုးကပို၍ချိုပါတယ်)

ကညွတ်

10599528_288041671390713_871368274288938026_n

ကညွတ်ပင်၏ အဖျားပိုင်းကိုသာစားလို့ရပြီး၊ ပျမ်းမျှကညွတ်တစ်ပိသာဝယ်လျှင် အစိတ်သားခန့်သာ စားလို့ရပါတယ်။ ကညွတ်ပင်ပေါ်မှာပါရှိတဲ့ အဖုကလေးတွေ တစ်ခုနဲ့တစ်ခုနီးကပ်နေလျှင်နုပြီး၊ ၎င်းအဖုဝေးလျှင်ရင့်ပါတယ်။ (လယ်ကွက်တွေမှာ အလိုအလျောက်ပေါက်တဲ့ အရိုးနီအရွက်စိမ်းမျိုးဟာ ရေကညွတ်ဖြစ်ပြီး၊ တကူးတက စိုက်ယူရတဲ့ အစိမ်းရောင်ကညွတ်မျိုးလည်းရှိပါတယ်။ နှစ်မျိုးစလုံးကို ဒီနည်းအတိုင်း ရွေးချယ်ပါ။

ထောပတ်သီး

avocado

ထောပတ်သီးဝယ်တဲ့အခါ အထဲမှာမှိုတက်နေပြီး မည်းနေတဲ့အသီးကို အရွေးမမှားစေဖို့ အတွက်၊ ဦးစွာ အသီးရဲ့အညှာဖက် အပိုင်းကို လက်ဖြင့်အသာအယာဖိကြည့်ပါ။ ပျော့နေရင် လတ်ဆတ်တဲ့အသီးဖြစ်ပါတယ်။

သခွားသီး

Cucumbers

အညှာနေရာမှနေပြီး၊ အခြားတစ်ဖက်ဖျားအထိ ဖြောင့်ဖြောင့်စိမ်းစိမ်းမျိုးကိုသာရွေးချယ်ပါ။ အဝါ(သို့မဟုတ်)အဖြူအစင်းကျား တွေက အသီးရင့်ပါတယ်။ အညှာနားမှာသိမ်နေပြီး၊ အဖျားပိုင်းကသိမ်သည့်အပိုင်းထက် ပို၍တိုပါကမဝယ်သင့်ပါဘူး။

ဒူးရင်းသီး

အတွင်းအသား ထူ/မထူကိုအညှာကြည့်ပြီးရွေးချယ်နိုင်ပါတယ်။ အညှာမှာအဖြူရစ်နဲ့ အတွင်းအရစ်ဝိုင်းကလေး တစ်ခုရှိပါတယ်။ ၎င်းအဖြူရစ်ပါးပြီး၊ အဝိုင်းထူရင် အတွင်းအနှစ်အသားထူပါတယ်။

ဌက်ပျောသီး

ဌက်ပျောခွံပေါ်မှာ အမည်းရောင်အစက်အပြောက်လေးများပါတဲ့အသီးက ရင့်ပြီး အရသာလည်းပိုကောင်းပါတယ်။ အပွေးတက်လေ ပိုချိုလေပါဘဲ။

ဘူးသီး

bottle-gourd

ကိုင်းဘူးသီး၊ စင်ဘူးသီးဆိုပြီး ၂-မျိုးရှိပါတယ်။ (၁) ကိုင်းဘူးသီးက ဖြောင့်တန်းညီညာမှုမရှိဘဲ အညှာအနီးမှာချိုင့်နေတတ်ပါ တယ်။ ချက်ပြုတ်တဲ့အခါ မာကြောပြီး စားရင်လည်းဆတ်တောက်တောက်ဖြစ်နေပါတယ်။ အခွံကအစိမ်းရောင်မသန်းဘဲ ဖြူနေရင် အသီးရင့်ပါတယ်။ (၂) စင်ဘူးသီးက စားတဲ့အခါ ချို၍ညက်ညောပါတယ်။ အညှာကနေချက်တိုင်အထိ ဖြောင့်တန်းပြီး အမွေး နုတွေရှိပါတယ်။ အစိမ်းရင့်ပေါ်မှာ အဖြူပြောက်ကျားအကွက် တွေပါနေရင် အရင့်သီးဖြစ်ပြီး “ဘူးကျား” လို့ခေါ်ပါတယ်။ ဘူးကျား ကို ဘယ်လိုချက်ချက်ဆတ်တောက်တောက်ဖြစ်နေပြီး အရသာလည်းမရှိပါ။

ချဉ်ပေါင်ရွက်

ချဉ်ပေါင်နီ၊ ချဉ်ပေါင်ဖြူနဲ့ချဉ်ပေါင်ခါး(ခေါ်)ဓာတ်ချဉ်ပေါင်ဟူ၍ သုံးမျိုးရှိပါတယ်။ ချဉ်ပေါင်ဖြူက အရိုးနီသောချဉ်ပေါင်နီနဲ့ အမျိုး
အစားချင်းတူပါတယ်။ ချဉ်ပေါင်ခါးက ခါးသောအရသာရှိပါတယ်။ ချဉ်ပေါင်ကြော်အတွက် ချဉ်ပေါင်ဖြူ-နီ အရွက်ရင့်ကိုရွေးပါ။ ချဉ်ရည်ဟင်း နဲ့ ဟင်းချိူအတွက်ကိုတော့ မွှေရင်ကြေလွယ်တဲ့ ချဉ်ပေါင်ရွက် အနုတွေကိုရွေးပါ။

ဂေါ်ဖီထုပ်

Cabbage

အထုပ်ပွပွကိုဝယ်ပါ။ ကျစ်လစ်နေတဲ့ ဂေါ်ဖီထုပ်က အလယ်အူတိုင်တွေအဆမတန်ကြီးမားတန်ကြီးတတ်လို့ပါ။
ပန်းဂေါ်ဖီ ဖွေးဖွေးကျစ်ကျစ်နဲ့ လေးလေးကိုဝယ်ပါ။ အမည်းစက်ပြောက်များပါတဲ့၊ သကြားမှုန်လိုမွှေးနုပါပြီးဝါနေတဲ့အပွင်းမျိုးကို မဝယ်ပါ နဲ့။
မှောက်ရက်လှန်ပြီး အတွင်းမှာပိုးရှိမရှိကိုလည်းကြည့်ပါ။ ဖြူပြီးလေးနေရင်လည်း အတွင်းမှာ ပိုးတွယ်နေတတ်ပါတယ်။

ပဲတောင့်ရှည်

ကျစ်ပြီးအလျားရှည်တဲ့ အတောင့်ကိုဝယ်ပါ။ ဖြူ၍အသားပွတဲ့ပဲတောင့်ကမကောင်းပါဘူး။

ကြက်ဟင်းခါးသီး

အစိမ်းရင့်မျိုး နဲ့အဖြူမျိုး ၂-မျိုးရှိတယ်။ ဘို့စိတ်ပြီး ဘို့ပါးတဲ့ကြက်ဟင်းခါးသီးက မကောင်းပါ။ ဘို့ကျဲ၍ထွားပြီး ကောက်ကွေ့ခြင်း
မရှိတဲ့ ကြက်ဟင်းခါးသီးကိုသာရွေးဝယ်ပါ။ အနီရောင်၊ အဝါရောင် ကြက်ဟင်းခါးသီးကတော့ အမှည့်လွန်နေတာဖြစ်ပါတယ်။

Photo Credit: images.4ever