ကြက်သွန်ဆိုသည့် အမျိုးအမယ်တစ်ခုသည် သင့်ရဲ့ဟင်းလျာများအား အခြားဟင်းသီးဟင်းရွက်များ မပေးစွမ်းနိုင်သည့် အရသာကိုပေးစွမ်းနိုင်ရုံသာမက မျက်ရည်ကျအောင်လည်း လုပ်ဆောင်နိုင်ပါတယ်။ စိတ်ခံစားချက်ကြောင့် မျက်ရည်ကျရတာမဟုတ်ဘဲ ကြက်သွန်တွေကထုတ်လွှတ်တဲ့ Synthase အန်ဇိုင်းကြောင့် လှီးနေ၊ ဖြတ်နေတဲ့အချိန်တွေမှာ မျက်ရည်ကျရတာဖြစ်ပါတယ်။

ဒါကြောင့် ယခုတခါမှာလည်း ကြက်သွန်လှီးတဲ့အခါတိုင်း မျက်ရည်တောက်တောက်ကျရတဲ့ ဒုက္ခတွေမှ ကင်းလွတ်ဖို့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ရပါတယ်နော်။

နည်းလမ်း (၁) – ကြက်သွန်ကိုအအေးခံခြင်း

ကြက်သွန်ကိုမလှီးဖြတ်ခင် အရင်အအေးခံခြင်းက မျက်ရည်ဖြစ်ပေါ်စေတဲ့ အန်ဇိုင်းတွေကိုပျောက်စေကာ လေထဲအငွေ့ပေါက်ဖွားခြင်းကို လျော့ကျစေပါတယ်။

ကြက်သွန်ကို ရေခဲသေတ္တာအတွင်းတွင် ဆယ်မိနစ်မှ ဆယ့်ငါးမိနစ်ကြာထားပေးပြီးနောက် လှီးဖြတ်နိုင်ပါတယ်။

နည်းလမ်း (၂) – ကြက်သွန်ကို မိုက်ခရိုဝေ့ဖ်ဖြင့်အပူပေးခြင်း

လျှပ်စစ်သံလိုက်လှိုင်းများမှ အပူဓာတ်သည် ကြက်သွန်ရှိမျက်ရည်ဖြစ်စေနိုင်သော ဒြပ်ပေါင်းများအပေါ်သက်ရောက်စေပြီး မျက်လုံးစပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

အခွံမခွာရသေးသည့် ကြက်သွန်တစ်လုံးလုံးကို မိုက်ခရိုဝေ့ဖ်အတွင်း ၂၅ စက္ကန့်မှ စက္ကန့်သုံးဆယ်အထိ အပူချိန်အလယ်အလတ်ဖြင့် အပူပေးပြီး အေးအေးဆေးဆေးလှီးနိုင်ပါပြီ။

နည်းလမ်း (၃) – ကြက်သွန်ကို ရေထဲတွင်လှီးဖြတ်ခြင်း

ရေစိမ်ပြီးကြက်သွန်လှီးခြင်းက ကြက်သွန်ငွေ့ပျံခြင်းကို တားဆီးနိုင်ကာ မျက်ရည်မကျအောင်ကူညီပေးနိုင်ပါတယ်။

ပန်းကန်လုံးအတွင်း ရေလောင်းထည့်ကာ ကြက်သွန်ကိုရေထဲနှစ်ပြီး လှီးပေးခြင်းက မျက်ရည်လုံးဝမကျစေပါဘူး။

နည်းလမ်း (၄) – ကြက်သွန်ကို ရေစိမ်ခြင်း

ရေထဲမှာလှီးရတာခက်တယ်ဆိုရင် ဒီနည်းလမ်းလေးကိုလုပ်ကြည့်နိုင်ပါတယ်။

ကြက်သွန်ကိုရေထည့်ထားသည့် ပန်းကန်လုံးထဲတွင် ၅ မိနစ်မှ ၁၀ မိနစ်အထိစိမ်ထားပြီးပါက ရေထဲမှဖယ်ထုတ်ကာ မျက်ရည်မကျဘဲ အေးအေးဆေးဆေးလှီးနိုင်မှာဖြစ်ပါတယ်။

နည်းလမ်း (၅) – ရေပူအနားတွင်ကြက်သွန်လှီးခြင်း

အငွေ့တထောင်းထောင်းထားနေသည့် ရေပူထည့်ထားသော ရေခရားတစ်ခုကို ကြက်သွန်လှီးနေချိန် အနားမှာထားပေးမယ်ဆိုရင် မျက်ရည်ကျခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

နည်းလမ်း (၆) – ဖယောင်းတိုင်ထွန်းပေးခြင်း

ဖယောင်းတိုင်မှအပူဓာတ်သည် ကြက်သွန်မှအက်စစ်အန်ဇိုင်းကို လောင်ကျွမ်းပျက်သုဉ်းသွားစေနိုင်တာကြောင့် မျက်ရည်မကျအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ကြက်သွန်လှီးနေချိန် အနားတွင် ဖယောင်းတိုင်ထွန်းထားပါ။

နည်းလမ်း (၇) – ပီကေဝါးခြင်း

ယုံနိုင်စရာမရှိပေမယ့်လည်း ပီကေဝါးပေးခြင်းက ကြက်သွန်လှီးနေတုန်း မျက်ရည်မကျအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ပီကေဝါးခြင်းက မျက်ရည်ဖြစ်ပေါ်စေတဲ့ ကြက်သွန်ရဲ့အနံ့ကို မရှူရှိုက်မိအောင် ဟန့်တားပေးပါတယ်။

Credits – Health and Beauty Archives – Fab How