ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ပြီးလျှင် သံပယိုသီးများသည် နေ့တဓူဝဟင်းချက်ပြုတ်ရာတွင် အလွန်အသုံးဝင်ပါတယ်။ ပေါ့နေတဲ့ဟင်းလျာများ၊ အချိုပွဲများကိုရနံ့သင်းအောင်လုပ်တဲ့အခါများတွင် သံပယိုသီးက အလွန်စွမ်းဆောင်နိုင်ပါတယ်။

ကျန်းမာရေးနဲ့ အလှအပအတွက်အထောက်အပံ့ဖြစ်စေတဲ့ ဗီတာမင်နှင့်သတ္တုဓာတ်တွေ အများအပြားပါဝင်တဲ့ သံပယိုသီးကိုညှစ်တဲ့အခါ တခါတလေမှာ အရည်တွေမကုန်သွားတာရှိနိုင်ပါတယ်။ ဒါကြောင့် သံပယိုရည်ကို တစက်တလေမကျန်ရလေအောင် အသုံးပြုနိုင်ဖို့ ညှစ်ထုတ်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ဦးစွာပထမ အပူပေးပါ။

သံပယိုသီးကိုအပူပေးခြင်းက အတွင်းသားကိုပျော့သွားစေတာကြောင့် အရည်ညှစ်ရတာလွယ်စေမှာဖြစ်ပါတယ်။

စက္ကန့်သုံးဆယ်ကြာ မိုက်ခရိုဝေ့ဖ်အတွင်းအပူပေးပြီးသည်နှင့် အလယ်မှဓားနှင့်ထက်ခြမ်းခြမ်းပြီး သံပယိုရည်ညှစ်နိုင်ပါတယ်။

အလျားလိုက်လှီးဖြတ်ခြင်း

ပုံမှန်ဆိုရင် ကန့်လန့်ဖြတ်လှီးနေကြဖြစ်ပေမယ့်လည်း အရည်များများလိုချင်ရင်တော့ အလျားလိုက်လှီးပေးနိုင်ပါတယ်။ သံပယိုသီးကို အလျားလိုက်လှီးပြီးလျှင် ဇွန်းကိုအသုံးပြုပြီး အရည်ညှစ်ထုတ်နိုင်ပါပြီ။

ခက်ရင်းကို အတွင်းထိုးသွင်းခြင်း

ခက်ရင်းရဲ့ အချွန်အထက်အသွားလေးတွေကို အသုံးပြုပြီးတော့လည်း သံပယိုရည်ညှစ်နိုင်ပါတယ်။ သံပယိုသီးကို ကန့်လန့်ဖြတ်လှီးပြီး ခက်ရင်းကိုအတွင်းထိုးသွင်းပြီး သံပယိုသီးကိုညှစ်ပေးနိုင်ပါတယ်။

လှိမ့်ပေးခြင်း

သံပယိုသီးကိုလှိမ့်ပေးခြင်းက အတွင်းရှိတင်းနေတဲ့အသားကို ပြေလျော့စေပြီး အမြှေးတွေကိုကွဲစေလို့ အရည်ညှစ်ရတာ မြန်မြန်နဲ့လွယ်လွယ်လုပ်ဆောင်နိုင်ပါတယ်။

စဉ့်တီတုံးပေါ်တွင် သံပယိုသီးကိုအရှေ့အနောက်တင်းတင်းဖိပြီး လှိမ့်ပေးပြီး ကန့်လန့်ဖြတ်လှီးကာ ပုံမှန်အတိုင်းအရည်ညှစ်ပေးနိုင်ပါတယ်။

သံပယိုရည်ညှစ်သည့်ကိရိယာကိုအသုံးပြုခြင်း

သံပယိုသီးကိုကန့်လန့်ဖြတ်လှီးလိုက်ပြီး သံပယိုရည်ညှစ်သည့်ကိရိယာအတွင်းမှာထည့်ပြီး သေချာဖိပေးကာ အရည်ညှစ်ယူနိုင်ပါတယ်။

အရည်မညှစ်ခင်အခွံခွာခြင်း

အသားတင်းတင်းရှိသည့်သံပယိုခွံကို ကြိုတင်ခွာထားပေးခြင်းက အရည်ညှစ်ရတာကို လွယ်ကူစေမှာဖြစ်ပါတယ်။ အခွံခွာပြီး အလယ်မှထက်ခြမ်းခြမ်းကာ အရည်ညှစ်ယူနိုင်ပါပြီ။

Source: FabHow