သင့်ရဲ့မီးဖိုချောင်မှာ ရှိတဲ့ အစားအစာများက သင့်အဝတ်အစားများအတွက် အသုံးပြုနိုင်တယ်ဆိုတာကို သင် သိပြီးပါပြီလား။

အဝတ်အစားများကို ဖြူဖွေးတောက်ပြောင်အောင် ပြုလုပ်ပေးနိုင်တဲ့ မီးဖိုချောင်သုံး အစားအစာတစ်ခုကတော့ သံပုယိုသီးပဲဖြစ်ပါတယ်။

သံပုယိုသီးရဲ့ အသုံးဝင်ပုံကို သေချာသိထားမယ်ဆိုရင်တော့ သင့်ရဲ့အဖြူရောင်အဝတ်အစားများကို ဟောင်းနွမ်းမသွားဘဲ အချိန်အကြာကြီး အသစ်အတိုင်း ထိန်းသိမ်းထားနိုင်မှာပါ။

ခေါင်းမာလွန်းတဲ့ အစွန်းအထေးအညစ်အကြေးများကို သံပုယိုသီးဖြင့် ဖယ်ရှားနိုင်မယ့် နည်းလမ်း သုံးသွယ်ကို စာဖတ်သူတို့အတွက် ဝေမျှပေးလိုက်ရပါတယ်။

နည်းလမ်း (၁)

အိုးအကြီးတစ်လုံးထဲတွင် ရေ ၂ လီတာထည့်ပြီးနောက် ပွက်ပွက်ဆူလာအောင် တည်ထားပါ။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ သံပုယိုသီး ၃ လုံးကို အရည်ညှစ်ထည့်လိုက်ပါ။ ထို့နောက် ဆား စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ ရောသမွှေလိုက်ပါ။ ရရှိလာတဲ့ သံပုယိုရည်ကို အဝတ်လျှော်ဆပ်ပြာ စားပွဲတင်ဇွန်း ၄ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။

ထို့နောက် သင့်ရဲ့အဝတ်အစားများကို ထိုရေထဲတွင် မိနစ် ၄၀ ခန့် စိမ်ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ထိုအဝတ်အစားများကို ရေဖြင့် ၃ ကြိမ်ခန့် စင်ကြယ်အောင် ဆေးကြောပေးလိုက်ပါ။ အဝတ်ခြောက်သွားပြီဆိုရင်တော့ သင့်ရဲ့အဝတ်အစားများက ဖြူဖွေးတောက်ပြောင်သွားတာကို မြင်တွေ့ရပါလိမ့်မယ်။

ဒီနည်းလမ်းကတော့ ချွေးကြောင့် စွန်းထင်းညစ်ပတ်နေတဲ့ အဝတ်အစားရဲ့ချိုင်းကြားနေရာနဲ့ ကော်လာတစ်ဝိုက်အတွက်လည်း အသုံးတည့်ပါသေးတယ်။

နည်းလမ်း (၂)

အဝတ်အစားပေါ်ရှိ စွန်းထင်းနေတဲ့ နေရာပေါ်သို့ မုန့်ဖုတ်ဆိုဒါ ပုံထားလိုက်ပါ။ သံပုယိုသီးတစ်ခြမ်းကို ထိုမုန့်ဖုတ်ဆိုဒါနေရာပေါ်မှာ ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် ၁၅ မိနစ်ခန့် ထားထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်မှ ရေနွေးနွေးလေးဖြင့် လျှော်ဖွတ်ပေးလိုက်ပါ။

ထိုနည်းအတိုင်း မဟုတ်ဘဲ မုန့်ဖုတ်ဆိုဒါနဲ့ သံပုယိုရည်ကို သမအောင် ရောနှောပြီးမှ ပွတ်တိုက်ပေးလို့လည်း ရပါတယ်။

နည်းလမ်း (၃)

ရေ တစ်လီတာကို ပွက်ပွက်ဆူအောင် တည်ပါ။ ထို့နောက် ထိုရေနွေးပူထဲသို့ သံပုယိုသီး ၂ လုံးကို ခပ်ပါးပါးလှီးထားပါ။ ပြီးရင်တော့ သင့်ရဲ့အဝတ်အစားကို ထိုရေထဲတွင် မိနစ် ၄၀ ခန့် စိမ်ထားရုံပါပဲ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ လျှော်နေကျအတိုင်း လျှော်ဖွတ်ပေးလိုက်လို့ရပါပြီ။ အဝတ်လျှော်စက်ထဲ ထည့်လျှော်လို့လည်း ရပါတယ်။

ထိုနည်းလမ်းတွေ အသုံးပြုလိုက်လို့ အဝတ်အစား ပျက်စီးသွားမှာကိုတော့ စိုးရိမ်စရာမလိုတဲ့အတွက်ကြောင့် စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။

Source: Brightside.me

https://youtu.be/V-JIZRcNSPI?t=1