ကျန်းမာရေးအတွက် အင်မတန်အထောက်အကူပြုတဲ့ သဘာဝလက်ဆောင်တွေထဲမှာ သောက်သုံးစရာရေ ပြီးသွားရင် ဒုတိယဗိုလ်စွဲနေတာက Green Tea ပဲဖြစ်ပါတယ်။ တရုတ်ရိုးရာမှာ Green Tea ကို ဆေးဖက်ဝင် ဆေးဝါးတစ်လက်အဖြစ် အသုံးပြုနေကြတာပါ။ Green Tea သောက်သုံးခြင်းက နှလုံးသွေးကြောကျဉ်းရောဂါ၊ အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ အရေပြားရောဂါ၊ ကျောက်ကပ်နဲ့ သက်ဆိုင်တဲ့ရောဂါများ၊ ကင်ဆာရောဂါ စတဲ့ ရောဂါမျိုးစုံကို Green Tea ထဲမှာ ပါဝင်တဲ့ Antioxidants က တိုက်ဖျက်ပေးပါတယ်။

ဒါပေမဲ့ Green Tea ကို နည်းမှန်လမ်းမှန် ဖျော်သောက်မှသာလျှင် ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။

Green Tea အစပြုခဲ့ပုံ

ဒီဆေးဖက်ဝင်ဖျော်ရည်ကို စတင်သောက်သုံးခဲ့တဲ့နိုင်ငံက တရုတ်နိုင်ငံပဲဖြစ်ပါတယ်။ တရုတ်ဒဏ္ဍာရီများအရ ဘီစီ ၂၇၃၇ ခန့်က တရုတ်ဧကရာဇ်ကြီး Shen Nung ဆိုသူက အရိပ်ရတဲ့ သစ်ပင်တစ်ပင်အောက်မှာ ထိုင်နေခဲ့တာပါ။ သူ့အစေခံတွေက ရေနွေး ကျိုချက်နေခဲ့ပြီး မမျှော်လင့်ဘဲနဲ့ လက်ဖက်စိမ်းတစ်ရွက်က ထိုရေနွေးပူထဲ ကျသွားခဲ့တာပါ။ ဧကရာဇ်ကြီးလည်း အသစ်အဆန်းကို သောက်သုံးကြည့်ချင်တဲ့ဆန္ဒရှိတာနဲ့ သူ့အစေခံတွေ ဖျော်ပေးတဲ့ Green Tea ကို သောက်သုံးခဲ့ရာကနေ တဖြည်းဖြည်းတွင်ကျယ်လာခဲ့ခြင်းဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ တရုတ်ဘုန်းကြီးတွေက တရားထိုင်ရာမှာ စိတ်တည်ငြိမ်ဖို့နဲ့ လန်းဆန်းစေဖို့အတွက်ဆိုပြီး Green Tea ကို ဖျော်သောက်ခဲ့ကြပါတယ်။ သာသနာပြန့်ပွားဖို့အတွက် အိန္ဒိယနဲ့ အခြားနိုင်ငံတွေသို့ သာသနာပြုခရီးထွက်တဲ့အခါမှာလည်း ထိုလက်ဖက်စိမ်းကို တစ်ပါတည်းယူဆောင်သွားရာကနေ တစ်ကမ္ဘာလုံး ပြန့်နှံ့သွားခြင်းပဲဖြစ်ပါတယ်။

လက်ဖက်စိမ်းအိတ်လေးနဲ့ ဖျော်သောက်ပါ

လက်ဖက်စိမ်းအိတ်လေး စိမ်ပြီးနှပ်ထားခြင်းက ယနေ့ခေတ်မှာ ပိုမိုခေတ်စားပြီး ပိုမိုလွယ်ကူလာခဲ့ပါပြီ။ လိုအပ်မဲ့ပစ္စည်းလေးကတော့ အရည်အသွေးကောင်းတဲ့ လက်ဖက်စိမ်းအိတ် တစ်အိတ်၊ ရေနွေးပူ တစ်ဖန်ခွက်၊ ဖန်ခွက်နဲ့ ဖန်ခွက်ဖုံးရန် အဖုံးတို့ပဲ ဖြစ်ပါတယ်။

ရေနွေးကို ၈၀၊ ၈၅ ဒီဂရီလောက်သာ အပူပေးထားပါ။ လက်ဖက်စိမ်းအိတ်ကို ဖန်ခွက်ထဲထည့်ပြီးနောက် ရေနွေးပူလောင်းထည့်ကာ အဖုံးဖုံးထားလိုက်ပါ။ ၃ မိနစ်ခန့် စောင့်လိုက်ပါ။ အချိန်ပြည့်မှ အဖုံးဖွင့်ပြီး လက်ဖက်စိမ်းအိတ်ဖယ်ကာ သောက်သုံးနိုင်ပါပြီ။

သတိထားရမယ့်အချက်ကတော့ လက်ဖက်အိတ်စိမ်တဲ့အခါ ၃ မိနစ်ထက် ပိုမစိမ်မိဖို့ပါပဲ။ ၃ မိနစ်ထက် ပိုစိမ်မိမယ်ဆိုရင် Green Tea က ခါးသက်သက်အရသာဖြစ်သွားပြီး ချွဲကျိကျိဖြစ်သွားကာ သောက်သုံးလို့ မကောင်းတော့ပါဘူး။

Green Tea နဲ့ ဂျင်းလက်ဖက်ရည်ကို တစ်ရက်တည်းမှာပဲ နှစ်ခုစလုံးသောက်လို့ရပါသလား။

နှစ်မျိုးစလုံးက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အတွက်ကြောင့် တစ်ရက်တည်းမှာပဲ နှစ်မျိုးစလုံးသောက်သုံးလို့ရပါတယ်။ ဒါပေမဲ့ Green Tea သောက်သုံးပြီး ၂ နာရီ၊ ၃ နာရီကြာမှသာ ဂျင်းလက်ဖက်ရည်ကို သောက်သုံးပေးရမှာပဲဖြစ်ပါတယ်။

Source: stylecraze.com