အိမ်မှာ ကျောင်းမီ၊ ရုံးမီဖို့ အတွက် မနက်တိုင်း ပျာယာခတ်ရတဲ့ မီးဖိုချောင်ထဲက လူတွေအတွက် လွယ်ကူ သက်သာ မြန်ဆန်စေမယ့် နည်းလမ်းတွေဟာ ရွှေပါပဲ။ အချိန်ကို တတ်နိုင်သမျှ တိုအောင် ပြင်ဆင်ကြရပါတယ်။ ဟင်းချက်တဲ့အခါ ကြက်သွန်နီ နွှာရ၊ ကြက်သွန်ဖြူနွှာရ လုပ်ရတာဟာ တခါတလေ လက်ဝင် လှပါတယ်။ ကြက်သွန်ဖြူဆို ပိုဆိုးပါတယ်။ လွယ်ကူစေမယ့် နည်းလေးတစ်ခုကို အိမ်ရှင်မတွေ၊ အိမ်ရှင်ထီးတွေအတွက် မျှဝေချင်ပါတယ်။

ကြက်သွန်ဖြူတွေကို အခွံနွှာရတာ ကြာတယ်လို့ ခံစားမိနေပါသလား။ ၁၀စက္ကန့် အတွင်းမှာ အခွံတွေကို လွယ်လွယ် ကူကူ ဖယ်ထုတ်ပစ်နိုင်ပါတယ်။ နည်းလမ်းကတော့ လွယ်ကူပါတယ်။ ကြက်သွန်ဖြူတွေကို အမွှာကနေ တစ်တက်ချင်းစီ ထုတ်ပြီး ဖန်ပုလင်းအလွတ်ထဲ ထည့်ပါ။ အဖုံးပိတ်ပြီး ခါပေးပါ။ ပြန်သွန်ချလိုက်တဲ့ အခါ အခွံသပ်သပ် အသားသပ်သပ် ဖြစ်သွားပါလိမ့်မယ်။

နောက်နည်းလမ်းတစ်ခုကတော့ ကြက်သွန်ဖြူတွေကို အတက်လိုက်ခွာထုတ်ပြီး ငရုတ်ဆုံထဲ ထည့်ပြီး အနည်းငယ် ထုလိုက်ပါ။ ကြက်သွန်ဥတွေကတော့ အနည်းငယ် ကြေသွားပါလိမ့်မယ်။ ဒါပေမယ့် အခွံသပ်သပ် အသားသပ်သပ် ဖြစ်စေပါတယ်။

ကြက်သွန်ဖြူကို ဒါးနောင့်နဲ့ ဖိပြီး ခွာရင်လည်း မြန်ပါတယ်။ နည်းနည်းကြေပေမယ့် မြန်ဆန်တဲ့ နည်းပါ။