အားလုံးပဲ မင်္ဂလာပါ။ ရှေးယခင်တုန်းကတော့ အသီးအနှံတွေကို သူ့ရာသီအလိုက်ပဲ စားသုံးနိုင်ကြတာပါ။ ဒါပေမဲ့ နည်းပညာတွေ ဆေးဝါးတွေ တိုးတက်လာတာနဲ့အမျှ သစ်သီးဝလံများကို ဓာတုဆေးအသုံးပြုပြီး ၁၂ ရာသီလုံး စားသုံးနိုင်အောင် ပြုလုပ်လာကြပါပြီ။ တစ်ဖက်ကလည်း ကောင်းတယ်လို့ထင်ရပေမယ့် အခြားတစ်ဖက်က ကြည့်ရင်တော့ ဒီလိုဓာတုဆေးအသုံးပြုထားတဲ့ အစားအစာတွေက ကျန်းမာရေးကို ထိခိုက်နိုင်စေတယ်ဆိုတာကြောင့် စားသုံးသူတွေက ဝယ်ယူစားသုံးဖို့ လက်တွန့်နေတတ်ကြပါတယ်။

ကျန်းမာရေးကို စဉ်းစားတဲ့အနေနဲ့ ဓာတုဆေးဝါး လုံးဝမပါဝင်တဲ့ အော်ဂဲနစ်အသီးအနှံများကို တကူးတကရှာဖွေဝယ်စားလာကြပါတယ်။ ဒါပေမဲ့ အော်ဂဲနစ် သစ်သီးလေးတွေဖြစ်တာကြောင့် ၁၂ ရာသီလုံး စားသုံးနိုင်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် အော်ဂဲနစ်စတော်ဘယ်ရီသီးတွေကို အချိန်အကြာကြီး လတ်လတ်ဆတ်ဆတ် အထားခံအောင် ဘယ်လိုသိမ်းဆည်းရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

အရင်ဦးဆုံး ရေနဲ့ ရှာလကာရည်များကို သမအောင် ရောစပ်လိုက်ပါ။ ထို့နောက် ထိုရှာလကာရည် အရောအနှောထဲသို့ စတော်ဘယ်ရီသီးများကို ၅ မိနစ်ခန့် ထည့်စိမ်လိုက်ပါ။

၅ မိနစ်ပြည့်တဲ့အခါ ရှာလကာရည်ထဲက ဆယ်ထုတ်လိုက်ပြီး ရေနဲ့ ထပ်ဆေးပေးလိုက်ပါ။ ပြီးတဲ့အခါ စတော်ဘယ်ရီသီးရဲ့ ထိပ်ဖျားပိုင်းက အစိမ်းရောင်များကို ဖယ်ရှားလိုက်ပါ။

ထို့နောက် လေလုံသောဘူးထဲမှာ စတော်ဘယ်ရီသီးများကို ပြောင်းထည့်လိုက်ပါ။

ဘူးထဲကနေ တစ်ဆင့် သန့်စင်တဲ့အဝတ်စပေါ်တင်ပြီး ခြောက်သွားအောင်လို့ လေသလပ်ခံလိုက်ပါ။ မြန်မြန်ခြောက်ချင်တယ်ဆိုရင် ပန်ကာလေနဲ့ မှုတ်ပေးလိုက်ပါ။

ခြောက်သွားတာသေချာပြီဆိုမှ အလုံပိတ်အိတ်ထဲသို့ စတော်ဘယ်ရီသီးများ ထည့်လိုက်ပါ။ အိတ်ထဲမှာ လေလုံးဝမကျန်သည်အထိ လေတွေကို ဖယ်ရှားပြီးမှ အိတ်ရဲ့ဇစ်နဲ့ လေလုံအောင် ပိတ်လိုက်ပါ။

ပြီးရင် ရေခဲသေတ္တာထဲ အအေးခံထည့်ထားလိုက်လို့ရပါပြီ။

ဒီနည်းလမ်းနဲ့ သိမ်းဆည်းထားမယ်ဆိုရင်တော့ စတော်ဘယ်ရီသီးများက တစ်နှစ်ပတ်လုံးအထားခံမှာဖြစ်ပြီး အချိန်ကြာသွားပေမယ့်လည်း လတ်လတ်ဆတ်ဆတ်နဲ့ အရသာမပျက်စားသုံးနိုင်မှာပဲဖြစ်ပါတယ်။

Source: melissas-cuisine.com