အကြောပြတ်ရာများ ဖြစ်ပေါ်ခြင်းကို အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုမိုစိုးထိတ်ကြပါတယ်။ ကိုယ်အလေးချိန် ရုတ်တရက်တက်ခြင်း၊ ကျခြင်းကြောင့်လည်း အကြောပြတ်ရာများ ဖြစ်ပေါ်တတ်သလို မီးဖွားပြီးချိန် (သို့) မိမိသောက်သုံးရသော ဆေးဝါးများကြောင့်လည်း အကြောပြတ်ရာများ ဖြစ်ပေါ်တတ်ပါတယ်။

ထိုအကြောပြတ်ရာများကို သဘာဝအတိုင်း အလျင်မြန်ဆုံးသက်သာပျောက်ကင်းစေချင်တယ်ဆိုရင်တော့ ရှားစောင်းလက်ပတ်ကို အသုံးပြုပေးနိုင်ပါတယ်။

နည်းလမ်း (၁)

ရှားစောင်းလက်ပတ်ရွက် တစ်ရွက် လိုအပ်ပါလိမ့်မယ်။ အရွက်ကို ဓားနဲ့ လှီးဖြတ်ပြီးနောက် ရှားစောင်းလက်ပတ်ဂျယ်ကို ဇွန်းလေးနဲ့ ခပ်ထုတ်ပေးလိုက်ပါ။ ရရှိလာတဲ့ ရှားစောင်းလက်ပတ်ဂျယ်ကို အကြောပြတ်ရာပေါ်မှာ လိမ်းကျံပေးပြီးနောက် မိနစ်အနည်းငယ်ကြာအောင် နှိပ်နယ်ပေးလိုက်ပါ။ နှိပ်နယ်ပြီးပါက ရှားစောင်းလက်ပတ်များကို ရေနဲ့ ဆေးကြောပစ်စရာမလိုပါဘူး။ တစ်နေ့ကို နှစ်ကြိမ်ပြုလုပ်ပေးရုံနဲ့ ရက်ပိုင်းအတွင်းမှာ အကြောပြတ်ရာများ ပျောက်ကင်းသွားပါလိမ့်မယ်။

နည်းလမ်း (၂)

ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်း ၄ ဇွန်းနဲ့ ဗီတာမင် အီး ဆေးတောင့် ၁၀ တောင့်ခန့်တို့ လိုအပ်ပါလိမ့်မယ်။ ဗီတာမင် အီး အဆီကို ရှားစောင်းလက်ပတ်နဲ့ ရောနှောလိုက်ပါ။ ထို့နောက် အကြောပြတ်ရာပေါ်မှာ လိမ်းကျံပေးလိုက်ပါ။ တစ်နာရီခန့် ထားထားပြီးနောက် ကြက်သီးနွေးရေနွေးလေးနဲ့ ရေဆေးပေးလိုက်ပါ။ တစ်ရက်ကို နှစ်ကြိမ်ခန့် ပြုလုပ်ပေးရမယ့် နည်းလမ်းလေးပဲဖြစ်ပါတယ်။

နည်းလမ်း (၃)

ကော်ဖီအကြမ်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်နှင့် ကော်ဖီမှုန့်တို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် အကြောပြတ်ရာပေါ်မှာ စက်ဝိုင်းပုံသဏ္ဍာန် သုတ်လိမ်းပေးရပါမယ်။ မိနစ် ၂၀ ခန့် အခြောက်ခံပေးလိုက်ပါ။ အချိန်ပြည့်ပြီဆိုမှ ရေဆေးပေးလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ရက်ခြားတစ်ခါ ပြုလုပ်ပေးသင့်ပါတယ်။

နည်းလမ်း (၄)

လိုအပ်မယ့် ပစ္စည်းတွေကတော့ ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါတယ်။

ပါဝင်ပစ္စည်းနှစ်မျိုးစလုံးကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် အကြောပြတ်ရာပေါ်မှာ လိမ်းကျံပေးလိုက်ပါ။ သဘာဝအတိုင်း အခြောက်ခံ ပေးလိုက်ပါ။ ခြောက်သွားပြီဆိုမှ ကြက်သီးနွေး ရေနွေးလေးနဲ့ ဆေးကြောလိုက်ပါ။ ဒီနည်းလမ်းကိုတော့ နေ့စဉ်မှန်မှန် ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။

Source: Stylecraze.com