ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေစိုက်ပျိုးတဲ့အခါမှာ ဓာတ်မြေသြဇာတွေ ပိုအသုံးပြုတာများလာပါတယ်။ ဒါ့ကြောင့် ပိုးသတ်ဆေးတွေကို စားသုံးမိလာကာ ကင်ဆာရောဂါတွေဖြစ်ပွားမှုနှုန်းလည်း တက်လာပါတယ်။

ဒါ့ကြောင့် အမေရိကန်ပြည်ထောင်စု မက်ဆာချုးစစ် တက္ကသိုလ်က သုတေသနပညာရှင်များက မုန့်ဖုတ်ဆိုဒါ (Baking Soda) ရဲ့ ဓာတ်မြေသြဇာတွေဖယ်ရှားနိုင်စွမ်းကို လေ့လာခဲ့ပါတယ်။

သုတေသနအဖွဲ့က အောဂန်းနစ် ပန်းသီး၂လုံးပေါ်ကို လူသုံးများတဲ့ Thiabendazole နဲ့ Phosmet ပိုးသတ်ဆေး တွေ သုတ်လိုက်ပါတယ်။

Thiabendazole က အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေမှာရှိတဲ့ မှိုတွေကိုသေစေတဲ့ ပိုးသတ်ဆေးတစ်မျိုးပါ။ ဒီ ပိုးသတ်ဆေးက ပန်းသီးရဲ့ အခွံတွေထဲကို ဝင်ရောက်နိုင်ပါတယ်။

Phosmet ကတော့ လူသုံးများတဲ့ အင်းဆက်သတ်တဲ့ ပိုးသတ်ဆေးတစ်မျိုးပါ။

သုတေသနအဖွဲ့က ခုနက ပိုးသတ်ဆေးသုတ်လိမ်းထားတဲ့ ပန်းသီး ၂လုံးကိုယူလိုက်ပြီး တစ်လုံးကို ရေနဲ့ ဆေးကာ နောက်တစ်လုံးကို မုန့်ဖုတ်ဆိုဒါနဲ့ ဆေးလိုက်ပါတယ်။

၂ မိနစ်ကြာ မုန့်ဖုတ်ဆိုဒါနဲ့ စိမ်ပြီးဆေးလိုက်တဲ့ ပန်းသီးက ၂ မိနစ်ကြာ ရိုးရိုးရေနဲ့ ဆေးလိုက်တဲ့ ပန်းသီးထက် ပိုပြီး ပိုးသတ်ဆေးတွေပြောင်တာကို တွေ့ရပါတယ်။

ဒါပေမယ့် ရှိနေတဲ့ ပိုးသတ်ဆေးတွေအားလုံးနီးပါးသန့်စင်ဖို့ဆိုရင်တော့ ၁၂ မိနစ်ကနေ ၁၅ မိနစ်ကြား မုန့်ဖုတ်ဆိုဒါနဲ့ ဆေးပေးဖို့လိုပါတယ်။

မုန့်ဖုတ်ဆိုဒါမှာ အယ်ကာလိုင်း ဆားပါဝင်တာကြောင့် ဓာတုဆေးဝါးတွေကို ပြောင်စင်အောင်ဆေးကြောပေးနိုင်ပါတယ်။

အသုံးပြုနည်း

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း အနည်းငယ်ကို ရေဇလုံတစ်ခုထဲထည့်ပြီး ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို စိမ်ထားပါ။ မိနစ် အနည်းငယ်လောက် စိမ်ပြီးရင် (အသီးအရွက်အပေါ်မူတည်ပြီးကြာချိန်ပြောင်းလဲနိုင်) ရေအေးအေးနဲ့ ဆေးချပါ။