ဟင်းပွဲတိုင်းမှာ မပါမဖြစ်လိုအပ်တဲ့ အရေးကြီးဆုံးအရာတစ်ခုကတော့ ကြက်သွန်ဖြူပဲဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတရံမှာ ကြက်သွန်ဖြူရဲ့အလယ်ဗဟိုတည့်တည့်မှာ အစိမ်းရောင်အညှောင့်လေးတွေ ထွက်လာတတ်ပါတယ်။

ဘာ့ကြောင့် ဒီလိုအညှောင့်တွေ ထွက်လာရသလဲ၊ အညှောင့်ထွက်နေတဲ့ ကြက်သွန်ဖြူကို စားသုံးခြင်းက ကျန်းမာရေးကို ထိခိုက်နိုင်သလား။ အညှောင့်ထွက်ပြီးသား ကြက်သွန်ဖြူကို အလဟဿမဖြစ်အောင် ဘယ်လိုအသုံးချရမလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

အညှောင့်ထွက်နေတဲ့ ကြက်သွန်ဖြူကို စားသုံးခြင်းက အန္တရာယ်ကင်းရဲ့လား

သတင်းကောင်းတစ်ခုကတော့ ကျန်းမာရေးအတွက် ဘေးအန္တရာယ်မဖြစ်စေပါဘူး။ ဒါပေမဲ့ ထိုအညှောင့်လေးကို ဟင်းပွဲထဲ ထည့်ချက်မယ်ဆိုရင်တော့ ဟင်းပွဲရဲ့အရသာက အနည်းငယ် ခါးသက်သက်ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် အညှောင့်များကို ဖယ်ရှားပြီးမှ စားသုံးတာ အကောင်းဆုံးပါပဲ။

အစိမ်းရောင်အညှောင့်တွေကို ဖယ်ရှားရတာကလည်း လွယ်လွယ်လေးပါပဲ။

အရင်ဦးဆုံး ကြက်သွန်မြွှာလေးကို အလယ်တည့်တည့်ကနေ ဓားဖြင့် အလျားလိုက်လှီးဖြတ်လိုက်ပါ။ ပြီးရင် ထိုအညှောင့်ကို လက်ချောင်းလေးဖြင့် အသာအယာခွာထုတ်လိုက်ရုံပါပဲ။ ပြီးမှ ကိုယ်အလိုရှိသလို လှီးဖြတ်နိုင်ပါတယ်။

ဘာ့ကြောင့် ကြက်သွန်ဖြူက အညှောင့်ထွက်လာရတာလဲ

တကယ်လို့ သင့်ရဲ့ကြက်သွန်ဖြူက နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့အခါ၊ သိုလှောင်ထားတဲ့နေရာရဲ့ အခန်းအပူချိန်က အလွန်မြှင့်မားနေတဲ့အခါ ကြက်သွန်ဖြူတွေက အညှောင့်ထွက်လာပါတော့တယ်။

ဒါဆိုရင် ကြက်သွန်ဖြူကို အညှောင့်မထွက်စေဘဲ တာရှည်ခဲအောင် ဘယ်လိုသိုလှောင်ထားရမလဲ

ကြက်သွန်ဖြူတွေက အေးပြီးခြောက်သွေ့တဲ့နေရာတွေကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါ့အပြင် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းမှလည်း ရှောင်ကြဉ်သင့်ပါတယ်။ လေဝင်လေထွက်ရှိတဲ့ စက္ကူအိတ် (သို့) ခြင်းတောင်းလေးထဲ ထည့်ထားလိုက်ပါ။ ဒါဆိုရင် သင့်ရဲ့ ကြက်သွန်ဖြူက အညှောင့်မထွက်တော့ဘဲ တစ်လကနေ သုံးလအထိ အသုံးပြုနိုင်ပါတယ်။

Source: Jessicagavin.com