“သံပုရိုသီးကို ဘက်စုံအသုံးပြုနိုင်တဲ့ နည်းလမ်းအသွယ်သွယ်” ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်ပြီးကြပြီလို့ မျှော်လင့်မိပါတယ်။ မဖတ်ရသေးရင်လည်း ကိစ္စမရှိပါဘူး။ ထိုဆောင်းပါးလေးမှာ သံပုရိုသီးရဲ့ အသုံးဝင်ပုံအမြောက်အမြားကို ဖော်ပြပေးခဲ့သလိုပဲ အခုတစ်ခါမှာလည်း ဆက်လက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

သံပုရိုသီးရနံ့လေးက အမူးအမော်လည်း ပြေစေတဲ့အပြင် သင့်မီးဖိုချောင်အတွက်လည်း မရှိမဖြစ်လိုအပ်တဲ့ သစ်သီးတစ်မျိုးဆိုတာကို ဒီဆောင်းပါးဖတ်ပြီးသွားတာနဲ့ သိရှိသွားမှာပဲဖြစ်ပါတယ်။

အမှိုက်ပုံး၊ ပန်းကန်ဆေးဘေစင် စတဲ့နေရာတွေမှာ ညှီစို့စို့အနံ့တွေ ရနေတဲ့အခါ

ရေခဲတုံးထည့်တဲ့ ပုံစံခွက်ထဲကို ရှာလကာရည်များထည့်လိုက်ပါ။ ထို့နောက် သံပုရိုသီး အတုံးသေးသေးလေး ထပ်ထည့်လိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ အအေးခံထားလိုက်ပါ။ ရေခဲတုံးများရလာတဲ့အခါ ထိုရေခဲတုံးကို အမှိုက်ပုံး (သို့) ဘေစင်ထဲ ထည့်ထားလိုက်ပါ။ အရည်ပျော်သွားတဲ့အခါ မကောင်းတဲ့ အနံ့အသက်တွေကို အလိုလိုစုပ်ယူသွားပါလိမ့်မယ်။

အခြားနည်းလမ်းတစ်မျိုး

စောစောက ဖော်ပြခဲ့တဲ့ ရှာလကာရည် သံပုရိုသီးကို အသုံးမပြုချင်ဘူးဆိုရင် သံပုရိုသီးအခွံနဲ့လည်း အသုံးပြုနိုင်ပါတယ်။ သံပုရိုသီးအခွံ လက်တစ်ဆုပ်စာခန့်ကို အမှိုက်ပုံးရဲ့ ဟိုးအောက်ခြေမှာ ထည့်ထားလိုက်ပါ။ ပြီးမှ အမှိုက်အိတ်ကို အမှိုက်ပုံးထဲ ထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ အမှိုက်ပုံးက နံနေမှာမဟုတ်တော့ပါဘူး။

ဟင်းသီးဟင်းရွက်များနဲ့ သစ်သီးဝလံများကို ဆေးကြောသန့်စင်နိုင်ခြင်း

ဟင်းသီးဟင်းရွက်များနဲ့ သစ်သီးဝလံများကို မစားသုံးခင်မှာ ရေစင်အောင်ဆေးကြောပေးမှသာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားပိုးမွှားများနဲ့ ဖုန်မှုန့်များ ပြောင်စင်မှာပဲဖြစ်ပါတယ်။ သံပုရိုရည်ကတော့ သစ်သီးများကို လတ်လတ်ဆတ်ဆတ်နဲ့ သန့်စင်ပေးမယ့်အရည်ပဲဖြစ်ပါတယ်။ သံပုရည် စားပွဲတင်ဇွန်း တစ်ဇွန်းကို ရေ ၈ အောင်စနဲ့ ရောနှောပြီး စပရေးဘူးထဲ ထည့်ထားလိုက်ပါ။ ထို့နောက် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များပေါ်သို့ ဖြန်းပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာမှ ရေအေးနဲ့ ဆေးချလိုက်ပါ။

ခြေဖနောင့် အသားမာတက်ပါက (သို့) ခြေဖနောင့် အက်ကွဲနေပါက

သံပုရိုသီးကို အရည်ကုန်စင်အောင် ညှစ်ထားပြီးနောက် ကျန်ရှိနေတဲ့ သံပုရိုခွံကို ခြေဖနောင့်မှာ ကပ်ထားလိုက်ပြီး ခြေအိတ်ဝတ်ထားလိုက်ပါ။ မိနစ် (၃၀) ခန့်ကြာမှ ထိုသံပုရိုခွံကို ဖယ်ရှားပေးလိုက်ပါ။ သံပုရိုသီးရဲ့ အက်စစ်ဓာတ်က ဆဲလ်သေလေးများကို ဖယ်ရှားပေးပြီး အရေပြားနူးညံ့ပျော့ပျောင်းလာအောင် ကူညီပေးပါလိမ့်မယ်။

ကာလအတန်ကြာ အသုံးပြုလာခဲ့သော စဉ်းနီတုံးက ညစ်ပတ်ပေရေနေသောအခါ

သံပုရိုသီးတစ်လုံးကို ထက်ခြမ်း ခြမ်းပြီး ဝါညစ်ညစ်ဖြစ်နေတဲ့နေရာ၊ ပေကျံနေတဲ့နေရာလေးကို ပွတ်တိုက်ပေးလိုက်ပါ။ သင့်ရဲ့ စဉ်းနီတုံးလေး အသစ်အတိုင်းဖြစ်သွားတာကို မျက်ဝါးထင်ထင်မြင်တွေ့ရပါလိမ့်မယ်။

ခေါင်းပေါ်က စိတ်ပျက်စရာဗောက်များကို ဖယ်ရှားပေးခြင်း

သံပုရိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းကို ဦးရေပြားပေါ် သုတ်လိမ်းပြီး ဦးရေပြားကို နှိပ်နယ်ပေးလိုက်ပါ။ ပြီးရင် ရေဆေးချလိုက်ပါ။ နေ့တိုင်းပြုလုပ်ပေးမယ်ဆိုရင် ခေါင်းပေါ်က ဗောက်တွေ ပျောက်သွားမှာပဲဖြစ်ပါတယ်။

သံပုရိုသီးများကို အချိန်ကြာကြာအထားခံအောင် ဘယ်လိုသိုလှောင်ထားရမလဲ

ရေဖြည့်ထားတဲ့ ဖန်ပုလင်းထဲ သံပုရိုသီးများကို ထည့်ထားပြီး ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားလိုက်ပါ။ တစ်ပတ်ကျော်ကြာသည်အထိ ပုပ်မသွားဘဲ လတ်လတ်ဆတ်ဆတ်အထားခံတာကို တွေ့မြင်ရပါလိမ့်မယ်။

Source: onegoodthingbyjillee.com