ခေါင်းကိုက်တဲ့ ဝေဒနာတွေထဲမှာ တစ်ခြမ်းကိုက်တဲ့ ဝေဒနာဟာ အတော်ဆိုးပါတယ်။ အထူးသဖြင့် နဖူး၊ နားထင်နဲ့ မျက်ရိုးတွေ ထိုးထိုးပြီး ကိုက်နေတတ်ပါတယ်။ ဒီဝေဒနာကြောင့် အသံတွေမခံနိုင်တာ၊ အလင်းရောင်စူးတာ မခံနိုင်တာနဲ့ လှုပ်ရှားမှုတွေမှာ မခံမရပ်နိုင်အောင် ခံစားရတတ်ပါတယ်။ ပျို့အန်တာ၊ အမြင်တွေ ဝါးလာတာမျိုးတွေပါ ဖြစ်တတ်ကြပါတယ်။

ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို လှုံ့ဆော်ပေးတဲ့ အရာတွေထဲမှာ အစားအစာ အချို့ ပါဝင်နေပါတယ်။ အဲ့ဒီ အစားအစာတွေကို စားတဲ့ အခါတိုင်း ခေါင်းတစ်ခြမ်းကိုက်တတ်သူတွေဟာ ဝေဒနာဖြစ်စေဖို့ နှိုးဆော်လိုက်သလို ဖြစ်နိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

အစားအစာတွေကတော့ အချိုမှုန့်၊ အနီရောင်ဝိုင်၊ ဒိန်ခဲ၊ ချောကလက်၊ ပဲငံပြာရည်နဲ့ ပြုပြင်ထားတဲ့ အသားတွေဟာ ဝေဒနာဖြစ်အောင် စေ့ဆော်ပေးနိုင်ပါတယ်။ တိုင်ရာမင်းတွေ ပါဝင်တဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို လှုံ့ဆော်နိုင်ပါတယ်။ တိုင်ရာမင်းဟာ သွေးကြောတွေကို ကျုံ့လိုက်၊ ကျယ်လိုက် ဖြစ်စေနိုင်တာကြောင့်ပါ။

နောက်တစ်မျိုးကတော့ ကော်ဖီပါ။ တစ်နေ့ကို တစ်ခွက်လောက်သောက်ခြင်းဟာ မသိသာစေပေမယ့် နှစ်ခွက်ထက် ကျော်လွန်လာပြီဆိုရင်တော့ ကဖင်းဓာတ် လယ်ဗယ် မြင့်လာတဲ့ အတွက် ခေါင်းကိုက်မှု ဝေဒနာကို စေ့ဆော်ပေးသလို ဖြစ်လာပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်တတ်သူတွေ အနေနဲ့ မိမိ ခေါင်းကိုက်စေလာတဲ့ အရာတွေကို မှတ်ထားပြီး ရှောင်သင့်ပါတယ်။

Credit: goodhealth
Photo: webmd