ယခုအချိန်အခါက တုပ်ကွေးရာသီဖြစ်တဲ့အားလျော်စွာ တုပ်ကွေးရောဂါ ခံစားရပြီးတဲ့နောက်မှာ နောက်ဆက်တွဲအနေနဲ့ ချောင်းဆိုးခြင်းကိုပါ ထပ်မံခံစားရတတ်ပါတယ်။ အဖျားပျောက်သွားပေမယ့် ချောင်းတဟွတ်ဟွတ်ဆိုးနေလို့ စိတ်ညစ်နေပါသလား။

အဆက်မပြတ်ဆိုးနေတဲ့ ချောင်းကို အမြစ်ပြတ်အောင် ချေမှုန်းပေးမယ့် ဆေးစွမ်းကောင်းအချို့ရှိပါတယ်။ တကူးတကနဲ့ ဈေးကြီးပေးဝယ်စရာမလိုဘဲ သင့် မီးဖိုချောင်ထဲမှာတင် အလွယ်တကူရှာဖွေတွေ့ရှိနိုင်ပါတယ်။

ပျားရည်လက်ဖက်ရည်

ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေနွေးနွေးလေးနဲ့ ရောနှောပြီး တစ်ရက် တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် သောက်သုံးပေးလိုက်ပါ။ သုတေသန လေ့လာချက်များအရ ပျားရည်က ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းစေတယ်လု့ိ လေ့လာတွေ့ရှိထားပါတယ်။

ဂျင်း

ဂျင်းတုံးများကို ရေနွေးပူထဲထည့်ပြီး နှပ်ထားလိုက်ပါ။ မိနစ်အနည်းငယ်ကြာ စိမ်ထားပြီးတဲ့နောက်မှာ ပျားရည် (သို့) သံပုယိုရည်နဲ့ရောနှောလိုက်ပါ။ ရရှိလာတဲ့ ဂျင်းဖျော်ရည်ကို စိတ်ချလက်ချသောက်သုံးနိုင်ပါတယ်။ ဂျင်းက ချောင်းခြောက်ဆိုးခြင်းနဲ့ ရင်ကြပ်ရောဂါအခံကြောင့် ချောင်းဆိုးခြင်းတို့ကို သက်သာပျောက်ကင်းစေတဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားပါတယ်။

ဆားရေဖြင့် ပလုတ်ကျင်းပါ

ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ကို ရေနွေးနွေးထဲထည့်ပြီး ဖျော်လိုက်ပါ။ ရေနွေးကို မိနစ်အနည်းငယ်ကြာ အအေးခံပြီးတဲ့နောက်မှာ ပလုတ်ကျင်းပေးရပါတယ်။ လည်ချောင်းယားပြီး ချောင်းဆိုးချင်တဲ့အချိန်တိုင်း ပလုတ်ကျင်းပေးရပါမယ်။ ဒါဆိုရင်တော့ ချောင်းဆိုးခြင်း သက်သာသွားမှာပဲဖြစ်ပါတယ်။

သင့်အနေနဲ့ ချောင်းဆိုးခြင်းကိုတော့ တားဆီးလို့မရပေမယ့် ချောင်းဆိုးခြင်းရဲ့ရှေ့ပြေးရောဂါတစ်မျိုးဖြစ်တဲ့ အအေးမိဖျားနာခြင်း မဖြစ်ပွားအောင် နည်းလမ်းအချို့ကို လိုက်နာကျင့်သုံးပြီး ကာကွယ်ပေးနိုင်ပါတယ်။

အအေးမိဖျားနာနေသူများ၊ တုပ်ကွေးဖြစ်နေသူများ၊ ချောင်းဆိုးနေသူများနဲ့ နီးနီးကပ်ကပ်နေခြင်းကို ရှောင်ကြဉ်ပါ။

ဆပ်ပြာနှင့် ရေနွေးနွေးလေး အသုံးပြုပြီး လက်နှစ်ဖက်ကို စင်ကြယ်အောင် ဆေးကြောပါ။ ကလေးများကိုလည်း လက်ဆေးတတ်တဲ့အလေ့အကျင့်ကောင်းများ မွေးမြူပေးပါ။

ရေများများသောက်ပြီး ရေဓာတ်ပြည့်ဝစွာနေထိုင်ပါ။

စိတ်ဖိစီးမှုများ၊ စိတ်ညစ်စရာများနဲ့ ကင်းကင်းရှင်းရှင်းနေပါ။ စိတ်ဖိစီးမှုများလေ ခုခံအားကျဆင်းလေဖြစ်တဲ့အတွက်ကြောင့် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးပါ။ နားနားနေနေအနားယူပြီး ခန္ဓာကိုယ်ကြွက်သားများကို အနားပေးပါ။

အိပ်ရေးဝဝအိပ်စက်အနားယူပါ။

Source: medicalnewstoday.com