အဆုတ်ကင်ဆာက ကင်ဆာရောဂါတွေထဲမှာဆိုရင် အမျိုးသားရော၊ အမျိုးသမီးရော အဖြစ်များတဲ့ ရောဂါဖြစ်နေပါပြီ။
အဆုတ်ကင်ဆာက အစောပိုင်းမှာ ကုသရင်တော့ ပိုပြီး ထိရောက်မှု ရှိတာကြောင့် အဆုတ်ကင်ဆာရဲ့ အစောပိုင်း လက္ခဏာတွေကို ဝေမျှလိုက်ပါတယ်။
ချောင်းဆိုးသွေးပါခြင်း
ချောင်းဆိုးတဲ့အချိန်မှာ သွေးပါတာက ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။ ဒါကြောင့် သွေးပါရင် ဆရာဝန်ဆီ ချက်ခြင်းသွားပြသင့်ပါတယ်။ ချောင်းဆိုးသွေးပါတိုင်းလည်း ကင်ဆာ လက္ခဏာမဟုတ်ပေမယ့် တခြား ပြင်းထန်တဲ့ရောဂါမျိုးတွေလည်း ရှိနိုင်တာကြောင့် ဆေးခန်း သွားပြသင့်ပါတယ်။
ရင်ဘတ်အောင့်ခြင်း
ရင်ဘတ်၊ နောက်ကျော နဲ့ ပခုံးတွေ အောင့်နေပြီး မပျောက်သွားရင် သတိထားသင့်ပါတယ်။ ချောင်းဆိုး၊ ရယ်မော၊ အသက်ပြင်းပြင်းရှူလိုက်ရင် ပိုပြီး အောင့်လာတတ်ပါတယ်။
“နာနေတဲ့နေရာက အကျိတ်ရှိနေတတ်တယ်”လို့ နယူးယောက်မြို့မှာရှိတဲ့ Icahn School of Medicine တက္ကသိုလ်မှ ခွဲစိတ်ဆရာဝန်နဲ့ ပါမောက္ခ ဒေါက်တာ Flores က ပြောပါတယ်။
ဒါကြောင့် နာကျင်မှုကို ခံစားရရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။
နာတာရှည် ချောင်းဆိုးခြင်း
ချောင်းဆိုးတာက ရာသီဥတုကြောင့် အလက်ဂျစ်ကြောင့်၊ ရေသီးတာကြောင့် ဖြစ်တတ်ပေမယ့် အမြဲလိုလို ချောင်းဆိုးနေရင် အဆုတ်ကင်ဆာလည်းဖြစ်နိုင်ပါတယ်။ ချောင်းဆိုးတယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ တစ်ခုခုဝင်ရောက်နေတာကြောင့် ခန္ဓာကိုယ်က ဖယ်ရှားဖို့ ကြိုးစားနေတာပါ။
အသက်ရှူ ခက်ခဲခြင်း
အသက်ရှူမဝခြင်း၊ အသက်ရှူခက်ခဲခြင်းက အကျိတ်က လေပြွှန်တွေ သွားရောက်ပိတ်ဆို့နေတတ်ပါတယ်။ ကင်ဆာက အဆုတ်မှာ စတင်ဖြစ်နေရင် ရင်ဘတ်ထဲမှာ အရည်တွေဖြစ်စေပြီး ရင်ဘတ်ထဲမှာ အရည် ၃ လီတာ၊ ၄ လီတာလောက်ကို ထိန်းသိမ်းထားနိုင်ပေမယ့် လုံးဝပြည့်သွားရင် အဆုတ်က လေလုံလုံလောက်လောက်မရရှိတော့ပါဘူး။ ဒါ့ကြောင့် အသက်ရှူမဝ၊ အသက်ရှူရ ခက်ခဲတာတို့ ဖြစ်စေပါတယ်။
ပင်ပန်းနွမ်းနယ်
ခါတိုင်းလုပ်နေကျပုံစံအတိုင်းလုပ်နေတာတောင် ပင်ပန်းနေတယ်ဆိုရင် သတိထားသင့်ပါတယ်။ ကိုယ်အလေးချိန် ကျသွားတာ၊ ထမင်းမစားချင်တာတွေကလည်း အဆုတ်ကင်ဆာရဲ့ လက္ခဏာတွေပါ။ ဆေးလိပ်သောက်သုံးတာ၊ ကင်ဆာ မျိုးရိုးရှိတာတွေကလည်း အဆုတ်ကင်ဆာဖြစ်ပွားနိုင်ချေကိုမြင့်တက်စေပါတယ်။
ပန်းနာရင်ကြပ်
ငယ်စဉ်က ပန်းနာရင်ကြပ်ဖြစ်ပွားဖူးတဲ့ ကလေးတွေအနေနဲ့ အဆုတ်ကင်ဆာကို အမြဲလိုလို သတိထား စစ်ဆေးသင့်ပါတယ်။ အသက်ကြီးမှ ပန်းနာရင်ကြပ်ဖြစ်တဲ့သူတွေကလည်း အဆုတ်မှာ အကျိတ်ရှိမရှိကို စစ်ဆေးသင့်ပါတယ်။
တစ်ကိုယ်လုံး နာကျင်
အဆုတ်ကင်ဆာက အများအားဖြင့် အစောပိုင်းမှာ သိသာထင်ရှားတဲ့ လက္ခဏာ ပြလေ့မရှိပါဘူး။ ခေါင်းကိုက်၊ ခေါင်းမူး၊ ခြေလက်တွေ ထုံကျင်နေရင် ကင်ဆာဆဲလ်တွေက ဦးနှောက်နဲ့ ခါးရိုးကို ပွားနေတတ်ပါတယ်။ အရေပြားနဲ့မျက်လုံးတွေ ဝါနေရင် အဆုတ်ကို ပွားသွားတတ်ပါတယ်။