အစားအစာများကို ပြင်ဆင်ချက်ပြုတ်တဲ့အခါ အရသာရှိဖို့တစ်ခုတည်းကသာ အရေးကြီးတာမဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွှတ်စွာ ချက်ပြုတ်စားသောက်တတ်ဖို့လည်း လိုအပ်ပါတယ်။

ဒီဆောင်းပါးလေးထဲမှာတော့ ကျန်းမာရေးနဲ့ညီညွှတ်အောင် ဘယ်လိုချက်ပြုတ် စားသောက်သင့်သလဲဆိုတဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

ဆီထည့်ရန်အတွက် စပရေးဘူးကို အသုံးပြုပါ

Source: Decor.com.au

စပရေးဘူးအသုံးပြုပြီး ကြော်လှော်ချက်ပြုတ်ခြင်းအားဖြင့် မိမိ ထည့်ချင်တဲ့ ဆီ အတိအကျကို ထည့်နိုင်မှာပါ။ ဆီထည့်တာ နည်းသွားခြင်း၊ ဆီထည့်တာ များသွားခြင်း စတဲ့ အခြေအနေတွေကို ရှောင်ကြဉ်နိုင်ပါတယ်။

အသင့်ပြုလုပ်ပြီးသား အချဉ်ဆော့စ်တွေကို အသုံးပြုမယ့်အစား ကိုယ်တိုင်ကိုယ်ကျပြုလုပ်ထားတဲ့ အိမ်လုပ်ဆော့စ်လေးကို အသုံးပြုပါ

Source: Detoxinista.com

အသင့်ပြုလုပ်ထားသော ဆော့စ်များထဲမှာ ကြာရှည်ခံဖို့အတွက် ဓာတုဆေးဝါးများ အလွန်အကျွံပါဝင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သဘာဝအိမ်လုပ်ဆော့စ်လေးကိုသာ အသုံးပြုပေးလိုက်ပါ။

Oven အသုံးပြုပါ

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒယ်အိုးများဖြင့် ကြော်လှော်ချက်ပြုတ်မယ့်အစား Oven ဖြင့် ချက်ပြုတ်သင့်ပါတယ်။

ဆား အနည်းငယ်သာ စားသုံးပါ

ဟင်းချက်တဲ့အခါတိုင်း ဆား အလွန်အကျွံထည့်ခြင်းကို ရှောင်ကြဉ်ပေးပါ။ ဆားအလွန်အကျွံစားမိမယ်ဆိုရင်တော့ အချိန်ကြာလာတာနှင့်အမျှ သင့် ကျန်းမာရေးကို ထိခိုက်စေမှာပါ။

အခွံမာသီး များများ စားသုံးပါ

အခွံမာသီးတွေမှာ အိုမီဂါသရီး ဖက်တိအက်ဆစ်ပါဝင်တာကြောင့် များများစားသုံးပေးမယ်ဆိုရင် နှလုံးကျန်းမာရေးအတွက် အထောက်အပံ့ပေးနိုင်မှာပဲဖြစ်ပါတယ်။

ဟင်းရွက်သုပ် များများ စားသုံးပါ

မြင်းခွာရွက်သုပ်၊ ဟင်းနုနွယ်သုပ် စသည်ဖြင့် အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းရွက်တွေမှာ Antioxidants များ ကြွယ်ဝစွာပါဝင်တာကြောင့် များများစားသုံးပေးမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

သကြားပမာဏကို ချင့်ချိန် စားသုံးပါ

အလှအပနှင့် ကျန်းမာရေးအတွက် ဘုံရန်သူကတော့ သကြားပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သကြားအလွန်အကျွံ မစားသုံးဘဲ ပမာဏအနည်းအကျဉ်းမျှသာ စားသုံးပေးရပါမယ်။

Source: Brightside.me