အသက် (၄၀) အရွယ်ရောက်သည်နှင့် သင့်ခန္ဓာကိုယ်ဟာ စားသုံးလိုက်သည့်အစားအစာပေါ်မူတည်၍ ပြောင်းလဲမှုစတင်လာပါတယ်။ ငယ်ရွယ်စဉ်အချိန်တုန်းကလို ကျန်းမာသွက်လက်ချင်လျှင်တော့ စားသောက်မှုပုံစံကို အထူးဂရုစိုက်ရန်လိုအပ်လာပါပြီ။ အာဟာရဓာတ် ကြွယ်ဝစွာပါဝင်ပြီး သင့်ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထူးအကျိုးသက်ရောက်မှုရှိသည့် အစားအစာများကို အဓိကစားသုံးပေးရန်လိုအပ်ပါတယ်။

ထို့ကြောင့် သင့်ရဲ့ကိုယ်ခန္ဓာစွမ်းအင်နှင့် တက်ကြွမှုကိုတိုးမြှင့်ပေးသည့်အပြင် ကိုလက်စထရောနှင့် သွေးပေါင်ချိန်ကိုထိန်းချုပ်ပေးပြီး ကင်ဆာရောဂါနှင့် အခြားရောဂါများဝင်ရောက်ဖြစ်ပေါ်လာမှုမှ ကာကွယ်ပေးနိုင်သည့် အစားအစာများကို ကောက်နုတ်ရွေးချယ်၍ ဖော်ပြပေးလိုက်ရပါတယ်။

အဆီများသည့်ငါး

ဆော်လမွန်ငါး၊ ငါးကွမ်းရှပ်များ နှင့် ဆာဒင်းငါးများကဲ့သို့ အဆီများသည့်ငါးတို့ကို မှန်မှန်သုံးစွဲပေးသူများသည် နှလုံးရောဂါဖြစ်ခြင်းနှင့် အမောဖောက်ခြင်းတို့ ဖြစ်ပေါ်နှုန်းနည်းပါးတာကို တွေ့ရှိရပါတယ်။ ဗီတာမင်ဒီနှင့် ပရိုတင်းဓာတ်တို့အပြင် အိုမီဂါသရီးဖက်တီး အက်စစ် ကြွယ်ဝသောကြောင့် သင့်ကျန်းမာရေးကို အထူးကောင်းကျိုးပေးနိုင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ဖိုက်ဘာ၊ ဖောလစ်၊ ဗီတာမင်စီ၊ အေ နှင့် ကယ်လ်စီယမ်တို့ အမြောက်အမြားပါဝင်ပြီး ကိုယ်ခန္ဓာ၏လည်ပတ်မှုကိုလည်း အကူအညီပေးနိုင်ပါတယ်။ ထို့အပြင် ကင်ဆာဆဲလ်များကြီးထွားဖွံ့ဖြိုးမှုမှလည်း အထူးဟန့်တားနိုင်ပါတယ်။

ဘလူးဘယ်ရီသီးများ

ဤအရွယ်အစားသေးငယ်သည့်အသီးလေးများတွင် ကယ်လိုရီပါဝင်မှုနည်းပါး၍ ဗီတာမင်ကေ၊ စီ၊ ဖိုက်ဘာ နှင့် Antioxidants တို့ များပြားစွာပါဝင်သောကြောင့် ဘလူးဘယ်ရီသီးများကို စားသုံးခြင်းသည် နှလုံးရောဂါဖြစ်ပေါ်မှုမှ လျော့ချပေးနိုင်သလို ဦးနှောက်မှတ်ဉာဏ်ရည်ကိုလည်း တိုးတက်စေမှာဖြစ်ပါတယ်။

ကိုက်လန်ရွက်

ကယ်လိုရီပါဝင်မှုလျော့နည်း၍ အဆီလုံးဝမပါဝင်ဘဲ ဖိုက်ဘာဓာတ်မြင့်မားသည့် အစိမ်းရောင်အသီးအရွက်တစ်မျိုးပဲဖြစ်ပါတယ်။ သံဓာတ်၊ ကယ်လ်စီယမ်နှင့် ဗီတာမင်ကေ၊ စီတို့ ပါဝင်ပေါင်းစပ်နေရုံသာမက ဆီးချိုရောဂါဖြစ်ပွားမှုကိုလည်း လျှော့ချပေးပါတယ်။

ကန်စွန်းဥ

ကမ္ဘာ့အကျန်းမာဆုံးအစားအစာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဆီးချို၊ ကင်ဆာ စသည့်ရောဂါကြီးများကို တိုက်ထုတ်ရာတွင် အလွန်အသုံးဝင်ပါတယ်။

ခရမ်းချဉ်သီး

Antioxidatns များ၊ ဗီတာမင်အေ၊ စီ၊ အီး တို့ပါဝင်သည့်အပြင် ခရမ်းချဉ်သီးတွင်ပါဝင်သည့် Lycopene သည် ဆီးချို၊ နှလုံး နှင့် ကင်ဆာတို့ကဲ့သို့ နာတာရှည်ရောဂါများမှ ကာကွယ်ပေးပါတယ်။

စပါး၊ ဂျုံ၊ ပြောင်းများ

အုတ်ဂျုံမှုန့်၊ အညိုရောင်ဆန်၊ မုယောစပါး နှင့် နှံစားပြောင်းများသည် ကျန်းမာသည့်စားသောက်မှုပုံစံအတွက် အထူးသင့်တော်ပါတယ်။ သွေးချိုပုံမှန်လည်ပတ်ရန်၊ ကိုလက်စထရောလျော့နည်းရန်၊ သွေးပေါင်ချိန်လျော့ချရန်နှင့် ကိုယ်အလေးအချိန်ထိန်းသိမ်းရန်တို့တွင် အထူးကူညီပေးနိုင်ပါတယ်။

နနွင်း

အသက် ၄၀ နှင့်အထက်ရှိသူများအတွက် နနွင်းသည် အင်မတန်သင့်တော်သည့် ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။ ရောင်ရမ်းမှုများ၊ ကင်ဆာရောဂါ၊ ဆီးချိုရောဂါနှင့် ကိုလက်စထရောလျော့ချရန်အတွက် အထူးကောင်းမွန်သည့် ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်သလို စိတ်အားငယ်မှုများ၊ စိတ်ခံစားမှုမကောင်းခြင်းများ စသည်တို့အတွက်လည်း အလွန်အထောက်အကူပြုပါတယ်။

ထောပတ်သီး

ဖိုက်ဘာ၊ ဖောလစ်၊ ပိုတက်စီယမ်၊ ဗီတာမင်အီး နှင့် မဂ္ဂနီဆီယမ်တို့ ပေါင်းစပ်ပါဝင်သလို ကျန်းမာရေးအတွက်ကောင်းကျိုးများကို ပေးစွမ်းနိုင်သည့် အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ အရသာရှိရုံသာမက ကိုလက်စထရောလျော့ချရာမှာလည်း အလွန်အစွမ်းထက်ပါတယ်။

ချယ်ရီသီးများ

ဗီတာမင်စီ နှင့် ဖိုက်ဘာဓာတ်များ အများအပြားပါဝင်သလို ကြွက်သားများပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ သုတေသီတို့၏ဖော်ပြချက်များအရ ချယ်ရီသီးများသည် နှလုံးကျန်းမာရေးအပေါ် ကောင်းမွန်သောသက်ရောက်မှုကို ပေးစွမ်းနိုင်ပါတယ်။

ဒေါက်ခွရွက်

အမြင်အာရုံနှင့် အရိုးကျန်းမာရေးကို မြှင့်တင်ပေးသည့် ဗီတာမင်များကြွယ်ဝသည့်အပြင် ဒေါက်ခွရွက်တွင်ပါဝင်သည့် ဒြပ်ပေါင်းများသည် အသားပိုများနှင့် အဆစ်ရောင်နာရောဂါများ ဖြစ်ပေါ်မှုမှလည်း ဟန့်တားပေးနိုင်ပါတယ်။

မုန်လာဥနီ

မုန်လာဥနီများကို မှန်မှန်စားသုံးပေးခြင်းသည် အမြင်အာရုံကိုတိုးတက်စေရုံသာမက ကင်ဆာရောဂါဖြစ်ပွားမှုမှလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။