ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ရေးအတွက် ကျွန်မတို့တတွေဟာ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေမျိုးစုံကို ဂရုတစိုက်နဲ့ စားသုံးလျက်ရှိကြပါတယ်။ လူတွေအစားများတဲ့ ဟင်းသီးဟင်းရွက်တွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ မုန်လာဥနီကို ကောက်နှုတ်ပြီး သူ့ရဲ့အကျိုးကျေးဇူးတွေကို ဆောင်းပါးတစ်ခုအနေနဲ့ ရေးသားပြီးတော့ ပြန်လည်မျှဝေပေးချင်ပါတယ်။

မုန်လာဥနီဟာဆိုရင် ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက အသားအရေ၊ ဆံကေသာ၊ လက်သည်းခြေသည်းနဲ့ စတဲ့ နေရာအများစုမှာလည်း အင်မတန်အစွမ်းထက်ပြီး အကျိုးထူးတွေ အများကြီး ပေးစွမ်းနိုင်ပါတယ်။

ဒီလိုအဖက်ဖက်ကကောင်းမွန်တဲ့ မုန်လာဥနီကို အစိမ်းစားခြင်း၊ ပြုတ်၊ ကြော်၊ ချက်၊ ပေါင်း စသဖြင့် အမျိုးမျိုးလည်း စားလို့ရသလို ဖျော်ရည်အနေနဲ့လည်း သောက်သုံးပေးနိုင်ပါတယ်။

၁။ ကိုလက်စထရောများထိန်းချုပ်ပေးခြင်း

ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရောပမာဏကို ထိန်းချုပ်နိုင်ရန် ကူညီပေးနိုင်ပါတယ်။ ပိုတက်စီယမ်ပါဝင်တာကြောင့် ကိုလက်စထရောတက်လာပါကလည်း မြန်မြန်လျော့ကျစေနိုင်ပါတယ်။

၂။ ကင်ဆာတိုက်ဖျက်ပေးခြင်း

ကမ္ဘာတစ်ဝှမ်းနဲ့အညီ ကြောက်လန့်နေရတဲ့ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့ အစားအသောက်တွေထဲမှာ မုန်လာဥနီကလည်း တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။

၃။ အသည်းကိုသန့်စင်ပေးခြင်း

မုန်လာဥနီကို နေ့စဉ်မှန်မှန်သောက်သုံးပေးမယ်ဆိုရင် အသည်းကိုပုံမှန်သန့်စင်စေပြီး ကိုယ်တွင်းမှ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

၄။ ဝက်ခြံဖယ်ရှားပေးခြင်း

အမျိုးသား၊ အမျိုးသမီး အားလုံးကြောက်ရတဲ့ ဝက်ခြံတွေကို တစ်သက်လုံး နှုတ်ဆက်လိုက်ချင်ပြီဆိုပါက အသားအရေအတွက် အင်မတန်အကျိုးထူးတဲ့ မုန်လာဥနီဖျော်ရည်ကို နေ့စဉ်သောက်သုံးပေးလိုက်ပါ။

၅။ အိုမင်းရင့်ရော်မှုကို တားဆီးပေးခြင်း

အရွယ်မတိုင်သေးဘဲနဲ့ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေကြုံရလို့ ဒါမှမဟုတ် အသားအရေမထိန်းသိမ်းမိလို့ လူကအိုသလိုလိုဖြစ်နေပြီဆိုရင်တော့ စိတ်မညစ်လိုက်ပါနဲ့။ ဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့ မုန်လာဥနီဖျော်ရည်သောက်သုံးပေးမယ်ဆိုရင် အသားအရေကိုပြန်လည်တင်းရင်းလာစေကာ အသားအရောင်ကိုလည်း ညီစေမှာဖြစ်ပါတယ်။