ဓမ္မတာလာခြင်းကြောင့် စိတ်အပြောင်းအလဲ အတက်အကျမြန်ခြင်း၊ စိတ်ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းတို့ကို ခံစားရတတ်ပါတယ်။ ထိုနာကျင်ခြင်း ဝေဒနာကို သက်သာပျောက်ကင်းဖို့အတွက် သဘာဝဆေးစွမ်းကောင်းကတော့ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များပဲဖြစ်ပါတယ်။

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တို့ အသုံးပြုပြီး အခုဖော်ပြပေးမယ့် ဖျော်ရည်အဖြစ် လုပ်သောက်ပါက ဓမ္မတာလာခြင်းကြောင့် နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေပါလိမ့်မယ်။

ပန်းသီးဖျော်ရည်

ပန်းသီးဖျော်ရည် ပြုလုပ်ဖို့ လိုအပ်မယ့် ပါဝင်ပစ္စည်းတွေကတော့ တရုတ်နံနံ ၂ ပင်၊ ပန်းသီး တစ်ခြမ်း၊ လက်မဝက်အရွယ်အစားရှိ ဂျင်းတုံး ၁ တုံး၊ နံနံပင် လက်တစ်ဆုပ်စာခန့်၊ သံပုယိုသီး တစ်ခြမ်း တို့ပဲဖြစ်ပါတယ်။

ဂျင်းကို အခွံခွာပြီးနောက် ပါးပါးလှီးထားပါ။ ပန်းသီး၊ တရုတ်နံနံတို့ကိုလည်း အနေတော်အတုံး တုံးထားလိုက်ပါ။ ထို့နောက် ပန်းသီး၊ တရုတ်နံနံ၊ ဂျင်းနှင့် နံနံပင်တို့ကို ဖျော်စက်ထဲထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဖန်ခွက်ထဲထည့်ကာ သံပုယိုရည်လေး ညှစ်ထည့်လိုက်ပါ။ ဒါဆိုရင်တော့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ သစ်သီးဖျော်ရည်တစ်ခွက် ရရှိသွားပါပြီ။

နာနတ်သီးနှင့် မုန်လာဥနီ ဖျော်ရည်

နာနတ်သီး ပန်းကန်လုံး ၁ လုံး (သို့) ၂ လုံးစာ၊ မုန်လာဥနီ ၂ လုံး တို့ကို အနေတော် အတုံး လှီးဖြတ်ပြီးနောက် ဖျော်စက်ထဲထည့်ကာ သမအောင် ဖျော်ပေးလိုက်ပါ။

ရရှိလာတဲ့ ဖျော်ရည်ကို ဖန်ခွက်ထဲထည့်ပါ။ ထိုဖျော်ရည်လေးကို ဒီအတိုင်း သောက်လို့လည်း ရသလို ရေခဲတုံးအနည်းငယ်ထည့်ပြီး သောက်သုံးလို့လည်း ရပါတယ်။

မုန်လာဥနီ ပန်းသီးဖျော်ရည်

မုန်လာဥနီ ၃ လုံး၊ ပန်းသီး ၁ လုံး၊ သံပုယိုသီး ၁ လုံး၊ တစ်လက်မပတ်လည် ဂျင်းတုံး ၁ တုံး၊ နံနံပင် ပန်းကန်လုံး ၁ လုံးစာနှင့် အုန်းရည် စားပွဲတင်ဇွန်း ၁၆ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။

မုန်လာဥနီနှင့် ပန်းသီးတို့ကို အခွံခွာပြီးနောက် အနေေတော်အတုံး လှီးဖြတ်လိုက်ပါ။ ထို့နောက် ဖျော်စက်ထဲထည့်ပါ။ ဂျင်းတုံးကို အခွံခွာပြီးနောက် ဖျော်စက်ထဲထည့်ပါ။ နံနံပင်နှင့် အုန်းရည်တို့ထည့်ကာ သမအောင် ဖျော်ပေးလိုက်ပါ။

ဒီဖျော်ရည်လေးက ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ဓမ္မတာလာစဉ်အတွင်း အဖြစ်များလေ့ရှိတဲ့ စိတ်အတက်အကျ မြန်ခြင်းမှ ကာကွယ်ပေးပြီး စိတ်ခံစားချက်ကို ကောင်းမွန်စေပါလိမ့်မယ်။

Source: Vix.com