သင် နေ့စဉ်စားသုံးသော အစားအစာပေါ် မူတည်ပြီး သင်က ကျန်းမာရေး လိုက်စားသူလား မိမိစိတ်ကြိုက် အစားအစာများကို စားသုံးသူလားဆိုတာကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ သင် စားသုံးလိုက်တဲ့ အစားအစာက သင့်ကျန်းမာရေးအတွက် များစွာ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကိုလည်း စာဖတ်သူတို့ သိပြီးသားဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ ဘယ်လိုအစားအစာမျိုးကို ဘယ်အချိန်မှာ စားသုံးသင့်သလဲဆိုတာကိုရော စာဖတ်သူတို့ သိပြီးပါပြီလား။

ချောကလက်

လူကြီး လူငယ်မရွေး ချောကလက်ကို နှစ်ခြိုက်စွာ စားသုံးတတ်ကြပါတယ်။ ဒါပေမဲ့ အများစုကတော့ နေ့လည်ဘက် သရေစာအဖြစ် စားသုံးတတ်ကြပါတယ်။ မုန့်ပဲသရေစာ စားတဲ့အချိန်မှာ ချောကလက်ကို စားမိမယ်ဆိုရင် ဝိတ်တက်စေမှာဖြစ်ပြီး မနက်စာ စားချိန်မှာ ချောကလက်အနည်းငယ် စားသုံးပေးပါက အသက်အရွယ်ကြီးရင့်မှုကို နှေးကွေးစေပြီး နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

အသားများ

အသားဟင်းများကို အစားသင့်ဆုံးအချိန်ကတော့ နေ့လည်ဘက်ပဲဖြစ်ပါတယ်။ နေ့လည်စာ စားတဲ့အခါ အသားဟင်းများများ စားသုံးပေးခြင်းအားဖြင့် ပင်ပန်းနွမ်းနယ်မှုကို လျော့ချပေးပြီး ရောဂါဘယဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ညစာ စားချိန်မှ အသားဟင်းများ စားသုံးပါက အစာချေစနစ်ကို အနှောင့်အယှက်ဖြစ်စေပြီး အိပ်စက်ခြင်းကိုပါ နှောင့်ယှက်တတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အသားများကို အစာချေဖျက်ဖို့ရန်အတွက် ၅ နာရီ ကြာမြင့်လို့ပဲဖြစ်ပါတယ်။

မြေပဲနှင့် အခြားအစေ့အဆံ အခွံမာသီးများ

မြေပဲနှင့် အခြားအခွံမာသီးများကို နေ့လည်ဘက်စားသုံးခြင်းက အကောင်းဆုံးရွေးချယ်မှုပဲဖြစ်ပါတယ်။ အခွံမာသီးများ စားသုံးခြင်းအားဖြင့် ခန္ဓာကိုယ်က လိုအပ်တဲ့ အိုမီဂါသရီး ဖက်တိအက်ဆစ်ဓာတ်များကို ဖြည့်ဆည်းပေးနိုင်ပြီး သွေးပေါင်ချိန်မှန်ကန်စေကာ အဆုတ်ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ ညဘက်မှ စားသုံးမိမယ်ဆိုရင်တော့ အခွံမာသီးတွေမှာ အဆီဓာတ်နဲ့ ကယ်လိုရီများ မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် ကိုယ်အလေးချိန်တက်လာမှာပဲဖြစ်ပါတယ်။

လိမ္မော်သီး

လူအများစုက လိမ္မော်သီးကို မနက်စာအဖြစ် စားသုံးခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ အမှတ်မှားနေကြပါတယ်။ ဗိုက်ထဲမှာ မည်သည့်အစာမှ မရှိဘဲနဲ့ လိမ္မော်သီးစားသုံးခြင်းက အစာအိမ်အချဉ်ပေါက်ခြင်းဝေဒနာကို ခံစားရနိုင်ချေ များပါတယ်။

လိမ္မော်သီးကို စားသုံးဖို့ရန်အသင့်တော်ဆုံးအချိန်ကတော့ မုန့်ပဲသရေစာ စားသုံးချိန်ပဲဖြစ်ပါတယ်။ ဒါမှ အစာချေစနစ်ကို ကောင်းမွန်စေပြီး ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးမှာပဲဖြစ်ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးထဲမှာ ပါဝင်တဲ့ အော်ဂဲနစ်အက်ဆစ်က အစာချေစနစ်ကို လွယ်ကူမြန်ဆန်စေပြီး အစာအိမ်နဲ့ သရက်ရွက်ရဲ့လုပ်ငန်းဆောင်တာများအတွက် အထောက်အကူပြုပါတယ်။ ဒါပေမဲ့ မနက်ပိုင်း စားသုံးမှသာလျှင် ထိုအကျိုးကျေးဇူးကို ရရှိမှာပါ။ ညဘက်ကျမှ စားသုံးမိပါက ခရမ်းချဉ်သီးထဲမှာ ပါဝင်တဲ့ ရေဓာတ်ကို ဖောရောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

အာလူး

အာလူးကို နေ့လည်စာနဲ့ ညစာ စားတဲ့အခါမှာ မစားသုံးသင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အာလူးက အခြားဟင်းသီးဟင်းရွက်များထက် ကယ်လိုရီ ၂ ဆ၊ ၃ ဆခန့် ပိုမိုမြင့်မားစွာ ပါဝင်လို့ပါပဲ။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ကိုယ်အလေးချိန် တက်လာပါလိမ့်မယ်။

ဒါပေမဲ့ မနက်စာ စားချိန်မှာ စားသုံးပေးပါက အာလူးမှာ ပါဝင်တဲ့ ကစီဓာတ်က သွေးတွင်း ကိုလက်စတောပမာဏကို လျော့ချပေးပြီး ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များကိုလည်း အထောက်အပံ့ပေးနိုင်ပါတယ်။

Source: Brightside.me