ယနေ့ခေတ်လို ကျန်းမာရေးကို ဦးစားပေး ဂရုစိုက်လာတဲ့ခေတ်ကြီးထဲမှာ အဆီဓာတ်တွေအကြောင်း မကြာခဏကြားဖူးကြမှာပါ။ အချို့အဆီဓာတ်တွေက ကျန်းမာရေးအတွက် ကောင်းမွန်ပြီးတော့ အချို့အဆီဓာတ်တွေကတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဟင်းချက်တဲ့အခါမှာ မရှိမဖြစ်လိုအပ်တာကတော့ ဆီပဲဖြစ်ပါတယ်။ ဒါဆိုရင် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အဆီနဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အဆီကို ဘယ်လိုခွဲခြားရမလဲ။

ပြည့်ဝဆီဆိုတာ ဘာလဲ

ပြည့်ဝဆီများကို တိရိစ္ဆာန်များထံမှ ရရှိပါတယ်။ ကြက်သားများ၊ အနီရောင်ရှိတဲ့အသားများမှ ပြည့်ဝဆီများ ရရှိသလို ထောပတ်နှင့် နို့ထွက်ပစ္စည်းများ အားလုံးမှာ ပြည့်ဝအဆီဓာတ်များ မြင့်မားစွာပါဝင်ပါတယ်။

ပြည့်ဝဆီများက အပူချိန်ပေါ်လိုက်ပြီး အရည်ပုံသဏ္ဍာန်ကနေလည်း အခဲပုံသဏ္ဍာန်သို့ ပြောင်းလဲသွားတတ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ပြည့်ဝဆီများက ကိုလက်စတောကို မြင့်မားစေပြီး နှလုံးရောဂါဖြစ်ပွားမှုနဲ့ ဆက်စပ်နေတတ်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒါ့ကြောင့် ပြည့်ဝဆီပါဝင်တဲ့အစားအစာများကို အလွန်အကျွံမစားသုံးမိဖို့ အမေရိကန်သုတေသနပညာရှင်များက တိုက်တွန်းထားကြပါတယ်။

မပြည့်ဝဆီဆိုတာကရော ဘယ်လိုဆီမျိုးကို ဆိုလိုတာလဲ

မပြည့်ဝဆီကို အမျိုးအစားနှစ်မျိုး ပြန်လည်ခွဲခြားထားနိုင်ပါတယ်။ Monounsaturated Fat နဲ့ Polyunsaturated Fat တို့ပဲဖြစ်ပါတယ်။ Monounsaturated အဆီဓာတ်ကိုတော့ အပင်အရင်းအမြစ်တွေဆီမှ ရရှိပါတယ်။ ဥပမာ ထောပတ်သီး၊ ဖရုံစေ့၊ အယ်လ်မွန်စေ့နဲ့ အခြားအခွံမာ အသီးများထံမှ ရရှိပြီး Polyunsaturated အဆီကိုတော့ ဆော်လမွန်ငါး၊ တူနာငါး စတဲ့ အိုမီဂါသရီး ဖက်တိအက်ဆစ်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ငါးများထံမှ ရရှိပါတယ်။ ထိုငါးများက ပရိုတင်းဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါသေးတယ်။

ဟင်းချက်တဲ့အခါ ပြည့်ဝဆီတွေ သုံးမယ့်အစား မပြည့်ဝဆီများနဲ့ အစားထိုးအသုံးပြုမယ်ဆိုရင် မကောင်းတဲ့ကိုလက်စတောများကို လျော့ချပေးနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒါ့ကြောင့် ဟင်းချက်တဲ့အခါ မိုနိုမပြည့်ဝဆီများဖြစ်ကြတဲ့ သံလွင်ဆီ၊ မြေပဲဆီတို့ကို အသုံးပြုနိုင်သလို ပိုလီမပြည့်ဝဆီတွေဖြစ်ကြတဲ့ နေကြာဆီ၊ ပိုက်ဆံဂုဏ်လျှော်ဆီတို့ကိုလည်း အစားထိုးအသုံးပြုနိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်မျှတဖို့အတွက် မပြည့်ဝဆီတွေကို ဘယ်လိုစားသုံးရမလဲ

စောစောက ပြောခဲ့သလိုပဲ ဟင်းချက်တဲ့အခါ ထောပတ်အစား သံလွင်ဆီ၊ နေကြာဆီ၊ ထောပတ်သီးအဆီ စသည်တို့ကို အစားထိုးအသုံးပြုပါ။

ထောပတ်သီးကို တစ်နေ့တစ်လုံးစားသုံးပေးမယ်ဆိုရင်တော့ နှလုံးကျန်းမာရေးကို အထောက်အကူပြုပေးနိုင်ပါတယ်။

ကိတ်မုန့်ဖုတ်တဲ့အခါ ထောပတ်အသုံးပြုမယ့်အစား ထောပတ်သီးကို အနှစ်ရအောင် ပြုလုပ်ကာ ထောပတ်အနှစ်များကို အစားထိုးအသုံးပြုလိုက်ပါ။

ငါးကြီးဆီများ ကြွယ်ဝစွာပါဝင်တဲ့ ဆော်လမွန်ငါး၊ တူနာငါးတို့ကို တစ်ပတ် နှစ်ကြိမ်၊ သုံးကြိမ်ခန့် မှန်မှန်စားသုံးပေးရပါမယ်။

Source: Jessicagavin.com