ဒူဘိုင်းမှာ ဒေါ်လာ ၁သန်းတန်တဲ့ လူပုံစံ ကိတ်မုန့်ကြီးလုပ်တာကို ရေးဖူးတာ မှတ်မိပါသလား။ ဗြိတိန်ရဲ့ ကိတ်မုန့်ဒီဇိုင်နာ Debbie Wingham ကလည်း လူပုံစံ ကိတ်မုန့်ကို ဖန်တီးနိုင်ခဲ့ပါတယ်။

ဒီဇိုင်နာကို အမျိုးသားတစ်ယောက်က သူ့ချစ်သူကောင်မလေးပုံစံ ကိတ်မုန့် လုပ်ပေးဖို့ မှာယူခဲ့ပါတယ်။ သူ့ရဲ့ ကောင်မလေးမျက်နှာက ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး Kim Kardashian နဲ့တောင် ခပ်ဆင်ဆင်ပါပဲ။

ကောင်မလေးရဲ့မွေးနေ့မှာ Surprise လုပ်ချင်လို့ မှာယူခဲ့တာဖြစ်ပါတယ်။

ဒီဇိုင်နာ Debbie က ချောကလက် ၆ ကီလို၊ သကြားနဲ့ ထောပတ်ရောထားတဲ့ Icing ၁၅ ကီလို နဲ့တခြား ပါဝင်ပစ္စည်းတွေနဲ့ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ လူသားကိတ်မုန့် ဟာ အမျိုးသားရဲ့ကောင်မလေး အရပ်နဲ့ အတူတူပါဘဲ။ ဒီဇိုင်နာက ကိတ်မုန့်ကို ၂၀၁၇ခုနှစ် မင်းသမီး Kim Kardashian NBCUniversal ဆုပေးပွဲ အခမ်းအနားမှာ ဝတ်ခဲ့တဲ့ ဝတ်စုံအတိုင်း ဖန်တီပေးခဲ့ပါတယ်။

မျက်နှာကို အမျိုးသားရဲ့ ကောင်မလေးမျက်နှာနဲ့ကွက်တိရအောင် 3D Printing နည်းပညာကိုသုံးပြီး ပြုလုပ်ခဲ့ပါတယ်။

ကိတ်မုန့်ရဲ့ မျက်နှာ၊ မိတ်ကပ်၊ မျက်တောင်တွေကို စတဲ့ အသေးစိတ်ကို သကြားနဲ့ပြုလုပ်ခဲ့ပါတယ်။

ကိတ်မုန့်မှာ အလှဆင်ထားတဲ့ စိန်တွေကလွဲပြီး ကိတ်မုန့်တစ်ခုလုံးက စားသုံးလို့ရပါတယ်။ စိန်တန်ဖိုးတွေ အပါအဝင် ကိတ်မုန့်တစ်ခုလုံးက အမေရိကန်ဒေါ်လာ ၁.၂ သန်းကုန်ကျပါတယ်။