ဖရဲသီးက အရသာလည်းကောင်းပြီး ဈေးလည်းသက်သာတာကြောင့် ဒီလို ပူပြင်းတဲ့ရာသီတွေနဲ့ဆို အတော်ပါပဲ။ ဈေးနည်းပေမယ့်လည်း သူ့မှာပါဝင်တဲ့ အာဟာရဓာတ်ကတော့ အံ့မခန်းပါပဲ။

အမေရိကန်ပြည်ထောင်စုမှာဆိုရင် စားသုံးမှုအများဆုံးအသီးကို စာရင်းကောက်ကြည့်ရာ ဖရဲသီးဖြစ်နေပါတယ်။

ဘာကြောင့် လူတွေအများဆုံး စားသုံးကြတာလဲ။

ဖရဲသီးက ခရမ်းချဉ်သီးထက်တောင် Lycopene ဓာတ်ပါဝင်မှုများပိုများ

Lycopene ဓာတ်ဆိုတာဘာလဲ။ Lycopene ဓာတ်က မျက်လုံး၊ ဦးနှောက်နဲ့ နှလုံးကျန်းမာရေးတို့ကို ထောက်ပံ့ပေးနိုင်တဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး အရိုးတွေကို သန်မာစေကာ ကင်ဆာရောဂါကိုတောင် ကာကွယ်ပေးနိုင်ပါတယ်။

အဲ့ဒီအပြင် လေဖြတ်နိုင်တဲ့ အန္တရာယ်ကိုတောင် လျော့ချပေးနိုင်ပါတယ်။

လူတွေထင်ကြတာက Lycopene ဓာတ်က ခရမ်းချဉ်သီးမှာပါဝင်မှုအများဆုံးလို့ ထင်ကြပေမယ့် အဲ့လို မဟုတ်ပါဘူး။ ဖရဲသီးက ၁.၅ ဆပိုပြီးပါဝင်မှုများပါတယ်။ အဲ့ဒီ Lycopene ဓာတ်က အသီးတွေကို အနီရောင်သန်းစေပါတယ်။

ကြွက်သားနာကျင်တာတွေကို သက်သာစေ

လေ့ကျင့်ခန်းမလုပ်ခင် ဖရဲသီးဖျော်ရည်တစ်ခွက်သောက်သုံးပေးပါ။ ဖရဲသီးက ၂၄ နာရီအတွင်း ကြွက်သားတွေ နာကျင်တာကို သက်သာစေပါတယ်။

ဖရဲသီးမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်က ကြွက်သားတွေနာကျင်တာကို ကာကွယ်ပေးနိုင်ပါတယ်။

သွေးတိုးကိုကျစေ

ဖရဲသီးက သွေးတိုးကိုကျစေတာကြောင့် နှလုံးရောဂါကိုပါ ကာကွယ်ပြီးသားဖြစ်သွားပါတယ်။

ရေဓာတ်ကိုဖြည့်ပေး

ဖရဲသီးတစ်ခုလုံးမှာ ရေဓာတ်က ၉၁ ရာခိုင်နှုန်းကျော်ပါဝင်တာကြောင့် ရေဓာတ်ကိုအမြဲပြန်ဖြည့်ပေးပြီး လန်းဆန်းစေပါတယ်။