အပူချိန်တွေတိုးလာတယ်၊ ရာသီဥတုတွေဖောက်ပြန်လာတယ်၊ ရေကြီးလာတယ် ဘယ်သူက တာဝန်အရှိဆုံးလည်းဆိုတာ တွေးနေမယ့်အစား၊ အပြစ်တင်မယ့်အစား ကိုယ်နိုင်တဲ့ ပြောင်းလဲမှုတွေကို လုပ်ဆောင်လိုက်ပါ။

တခါသုံးရေသန့်ဘူးတွေကို လျှော့သောက်ပါ

အပြင်သွားရင် ရေသန့်ဘူးတွေ ဝယ်သောက်မယ့်အစား ကိုယ့်အိမ်ကနေ ရေဘူးထည့်သွားပါ။ ရေသန့်ဘူးအသေးတစ်ဗူး ၂၀၀၊ ၃၀၀ ပေမယ့်၊ ကြာလာရင်လည်း ဒီပိုက်ဆံက ကိုယ့်အိပ်ကပ်ကို ပါးစေတာပါဘဲ။

အဲ့ဒီအပြင် ပလပ်စတစ်အမှိုက်တွေကို ထိရောက်စွာကိုင်တွယ်ဖို့ နည်းလမ်းခက်ခဲနေတဲ့ ကမ္ဘာမြေကြီးအတွက်လည်း ကယ်တင်ရာရောက်ပါတယ်။

 တစ်ရှူးတွေအစား၊ အဝတ်ကို သုံးပါ

မီးဖိုချောင်မှာ ဟင်းချက်နေရင်း တစ်ခုခုပေတာ၊ ထမင်းဝိုင်းတွေ ထမင်းစားရင် တစ်ခုခုပေသွားရင် တစ်ရှူးနဲ့ မသုတ်လိုက်ပါနဲ့။

တစ်ရှူးနဲ့ သုတ်မယ့်အစား ပြောင်စင်အောင် လျှော်ထားတဲ့ T-Shirts အဟောင်း၊ မျက်နှာသုတ်ပါဝါ၊ အင်္ကျီအဟောင်းတွေကို အသုံးပြုလိုက်ပါ။

ဒါက အကုန်အကျလည်းသက်သာသလို သစ်ပင်ကိုမပြုန်းတီးအောင်လည်း ကူညီရာရောက်ပါတယ်။

ဒေသထွက်ကုန်ကို စားသောက်ပါ

နိုင်ငံခြားကလာတဲ့ အစားအစာ၊ အသီးအနှံတွေအစား ကိုယ့်ဒေသထွက် အစားအစာ၊ အသီးအနှံတွေကို ပိုစားပါ။

တခြားနိုင်ငံက အစားအစာ၊ အသီးအနှံတွေကို သယ်ဆောင်ရတဲ့ ကားတွေ၊ သယ်ယူပို့ဆောင်ရေးနည်းလမ်းတွေကလည်း ကမ္ဘာကြီးကို ပိုပြီး ပူနွေးစေပါတယ်။

ဒေသထွက်ကုန်တွေကို ဝယ်ယူချက်ပြုတ်ရင် ပိုပြီး လတ်ဆတ်သလို ဈေးလည်း သက်သာပြီး တစ်နိုင်တစ်ပိုင် လုပ်ငန်းလေးတွေကိုလည်း အထောက်အကူပြုပါတယ်။

ကိုယ်တိုင် စိုက်ပျိုးပါ

ကိုယ့်မှာ မြေနေရာကျဉ်းကျဉ်းရှိလည်း အဲ့ဒီ ကျဉ်းကျဉ်းလေးမှာ ရသလောက်စိုက်ပျိုးပါ။ တိုက်ခန်းနဲ့ နေတဲ့သူလည်း ဝရန်တာမှာ စိုက်ပျိုးလို့ရပါတယ်။ အပင်တွေက အောက်စီဂျင်ကို ထုတ်ပေးနိုင်သလို၊ ကိုယ်တိုင်စိုက် အော်ဂန်းနစ် ဖြစ်တာကြောင့် ကျန်းမာရေးအတွက်ပိုကောင်းပြီး ငွေကုန်ကြေးကျလည်း သက်သာသွားပါလိမ့်မယ်။