စာဖတ်သူက ငှက်ပျောသီးစားပြီးတာနဲ့ ငှက်ပျောသီးအခွံကို အမှိုက်ပုံးထဲ လွှင့်ပစ်တတ်တဲ့သူလား။

ဒါပေမဲ့ ဒီဆောင်းပါးလေး ဖတ်ပြီးသွားတဲ့နောက်မှာတော့ ငှက်ပျောသီးအခွံက ဘယ်လောက်ထိတောင် အသုံးဝင်လဲဆိုတာ သိသွားပါလိမ့်မယ်။

ငှက်ပျောသီးအခွံက သင့်မီးဖိုချောင် သန့်ရှင်းရေးအတွက်လည်း အသုံးဝင်သလို သင့် အလှအပရေးရာအတွက်လည်း အသုံးဝင်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ငှက်ပျောခွံက သင့်ရဲ့နေ့စဉ်ဘဝအတွက် ဘယ်လိုအသုံးဝင်သလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ဝက်ခြံနဲ့ အမဲစက်များကို လျော့ပါးသက်သာစေခြင်း

ဝက်ခြံနဲ့ အမဲစက် အဖုအပိမ့်တွေကြောင့် စိတ်ညစ်နေရပြီလား။ ငှက်ပျောသီးအခွံကို သင့် မျက်နှာအရေပြားပေါ်မှာ ၅ မိနစ်၊ ၁၀ မိနစ်ခန့် ပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင် ရေဆေးပေးလိုက်ပါ။ တစ်ရက်ကို နှစ်ကြိမ် ပြုလုပ်ပေးမယ်ဆိုရင်တော့ ဝက်ခြံနဲ့ အမဲစက်များ ပျောက်ကင်းသွားပါလိမ့်မယ်။

အရေးအကြောင်းများဖြစ်ပေါ်ခြင်းကို နှောင့်နှေးစေခြင်း

အသက်အရွယ်ရလာလို့ အရေးအကြောင်းနဲ့ ပါးရေတွန့်တာတွေ ဖြစ်ပေါ်မှာ ကြောက်တယ်ဆိုရင် ငှက်ပျောသီးအခွံကို မျက်နှာပေါ်မှာ ပွတ်တိုက်ပေးပြီးနောက် မျက်နှာပေါ်မှာ မိနစ် ၃၀ ခန့် ကပ်ထားလိုက်ပါ။ (သို့) အိပ်ပျော်နေစဉ်မှာ ကပ်ထားလိုက်ပါ။ အချိန်ပြည့်ပါက မျက်နှာသစ်ပေးလိုက်ပါ။ တစ်ပတ်ကို သုံးကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

ငွေထည်ပစ္စည်းများကို အရောင်တောက်ပြောင်စေခြင်း

ငှက်ပျောသီးအခွံကို သစ်သီးဖျော်စက်ထဲ ထည့်လိုက်ပါ။ ရေ ဖန်ခွက်တစ်ဝက်ခန့်ကို ဖျော်စက်ထဲ လောင်းထည့်လိုက်ပါ။ ရရှိလာတဲ့ အနှစ်များကို ငွေထည်ပစ္စည်းများပေါ်မှာ မိနစ် အနည်းငယ်ကြာ ပွတ်တိုက်ပေးလိုက်ပါ။

မြေသြဇာအဖြစ် အသုံးပြုနိုင်ခြင်း

ငှက်ပျောသီးအခွံများကို အရွယ်အစား သေးသေးလေးဖြစ်သွားအောင် လှီးဖြတ်ပေးလိုက်ပါ။ ထို့နောက် မိမိစိုက်ပျိုးမယ့်အပင်ရဲ့အမြစ်နားမှာ ကပ်ပြီး မြေမြှုပ်လိုက်ပါ။ သစ်ပင်စိုက်ပြီးတာနဲ့ ရေ ချက်ချင်းလောင်းပေးရပါမယ်။

သွားများကို ဖြူဖွေးဝင်းပစေခြင်း

အရင်ဦးဆုံး သင့်သွားကို စင်ကြယ်အောင် ဆေးကြောသန့်စင်လိုက်ပါ။ ထို့နောက် ငှက်ပျောသီးအခွံရဲ့အတွင်းသားဖြင့် သင့်သွားများကို ပွတ်တိုက်ပေးလိုက်ပါ။ ၂ မိနစ်ခန့်ကြာအောင် ပွတ်တိုက်ပေးပြီးမှ ပလုတ်ကျင်းပေးလိုက်ပါ။ နေ့စဉ်ပြုလုပ်ပေးမယ်ဆိုရင်တော့ သွားများ ဖြူဖွေးသန့်စင်သွားမှာပဲဖြစ်ပါတယ်။

အမာရွတ်များကို သက်သာစေခြင်း

ငှက်ပျောသီးအခွံကို အမာရွတ်ပေါ်တွင် ပွတ်တိုက်ပေးလိုက်ပါ။ ပွတ်တိုက်ပြီးပါက ထိုငှက်ပျောသီးအခွံကို အမာရွတ်ပေါ်တွင် တစ်နာရီခန့် ကြာသည်အထိ အုပ်ထားပေးလိုက်ပါ (သို့) တစ်ညလုံးအုပ်ထားလည်း ရပါတယ်။ နေ့စဉ်နေ့တိုင်း ပြုလုပ်ပေးရပါမယ်။

ခေါင်းကိုက်ခြင်းဝေဒနာကို ကုသပေးနိုင်ခြင်း

မခံမရပ်နိုင်အောင် ခေါင်းကိုက်လာပြီဆိုရင်တော့ ဒီနည်းလမ်းလေးကို အသုံးပြုပေးလိုက်ပါ။

အရင်ဦးဆုံး ငှက်ပျောသီးအခွံကို ရေခဲသေတ္တာထဲမှာ တစ်နာရီခန့် ထည့်ပြီး အအေးခံလိုက်ပါ။ ငှက်ပျောသီးအခွံတစ်မြောင်းကို နဖူးပေါ် တင်ထားပြီး ကျန်တစ်မြောင်းကိုတော့ ဂုတ်မှာ ကပ်ထားပေးလိုက်ပါ။ ထိုငှက်ပျောခွံ နွေးလာသည်အထိ ကပ်ထားပေးရပါမယ်။ တစ်ကြိမ်တည်းနဲ့ ဝေဒနာ မသက်သာသေးဘူးဆိုရင်တော့ ကျန်ရှိနေတဲ့ ငှက်ပျောခွံများနဲ့ ထပ်ကပ်ပေးထားနိုင်ပါတယ်။

Source: Brightside.me