ဟင်းချက်နည်းဆိုင်ရာ ဗဟုသုတများနဲ့ မီးဖိုချောင်ရှိ ဟင်းသီးဟင်းရွက်နဲ့ အစားအစာများ၊ အသုံးအဆောင်ပစ္စည်းများနဲ့ ပတ်သက်ပြီး နည်းမှန်လမ်းမှန်နဲ့ သိုလှောင်တတ်ခြင်း၊ အသုံးပြုတတ်မယ်ဆိုရင် အချိန်ကုန်သက်သာစေမှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် အိမ်ရှင်မများ၊ ဟင်းချက်ဝါသနာပါသူတို့အတွက် အသုံးတည့်မယ့် နည်းလမ်းကောင်းလေးတွေကို ညွှန်းပေးချင်ပါတယ်။

အာလူးနဲ့ ကြက်သွန်နီ

အာလူးနဲ့ ကြက်သွန်နီကို အတူတူရောချက်မယ်ဆိုရင်တော့ အင်မတန်အရသာရှိပါတယ်။ ဒါပေမဲ့ အတူတူသိုလှောင်ထားမယ်ဆိုရင်တော့ အငွေ့ပျံတတ်တာကြောင့် အလျင်အမြန်ပုပ်သိုးသွားတတ်ပါတယ်။ ဒါ့ကြောင့် အာလူးနဲ့ ကြက်သွန်နီကို သပ်သပ်စီ သိုလှောင်ထားရပါမယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကိုတော့ ပလပ်စတစ်လေလုံအိတ်ထဲမှာ မသိုလှောင်ထားသင့်ပါဘူး။ သိုလှောင်မိမယ်ဆိုရင် လေလုံသွားတာကြောင့် ဟင်းသီးဟင်းရွက်များ ညှိုးနွမ်းသွားပြီး ပုပ်သွားတတ်ပါတယ်။

ဒါ့ကြောင့် လေဝင်လေထွက်ကောင်းတဲ့ စက္ကူအိတ် (သို့) အပေါက်ဖောက်ထားတဲ့ ပုံးလေးထဲမှာ ထည့်သိမ်းထားလိုက်ပါ။ ဒါ့အပြင် ဟင်းသီးဟင်းရွက်တွေကို ဝယ်ပြီး တစ်ရက်၊ နှစ်ရက်အတွင်းမှာ ချက်ပြုတ်စားသောက်သင့်ပါတယ်။

ရေခဲတုံးပုံစံခွက်ထဲက ရေခဲတုံးများ

Source: thechuggernauts.com

ရေခဲတုံးတွေက ခဲသွားပြီဆိုတာနဲ့ ခွက်ထဲက ထုတ်ရခက်သွားပါတယ်။ ဒါ့ကြောင့် ရေတွေကို ပုံစံခွက်ထဲ မထည့်ခင်မှာ ပလပ်စတစ်လေးကို ခွက်ထဲ အရင်ထည့်ထားလိုက်ပါ။ ပြီးမှ ရေထည့်ပြီး ရေခဲသေတ္တာထဲမှာ အအေးခံလိုက်ပါ။

ရေခဲအမြန်ခဲချင်တယ်ဆိုရင်တော့ ရိုးရိုးရေ (သို့) ရေအေးထည့်မယ့်အစား ဆူပွက်ပြီးသား ရေနွေးပူကို အသုံးပြုပေးလိုက်ပါ။ ရေနွေးပူက ရေ အမြန်ခဲသွားအောင် ကူညီပေးပါလိမ့်မယ်။

နွားနို့ကျိုချက်တဲ့အခါ

Source: framepool.com

နွားနို့ကို ကျိုချက်တဲ့အခါ တစ်ကြိမ်တည်းသာ ကျိုချက်သင့်ပါတယ်။ ကြိမ်ဖန်များစွာ ကျိုချက်ခြင်းက နွားနို့ထဲမှ အာဟာရဓာတ်များကို ဖျက်စီးပစ်လိုက်တာကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးများ မပေးစွမ်းနိုင်တော့ပါဘူး။

အာလူးကြော်တဲ့အခါ

အာလူးကို ကြွပ်ကြွပ်ရွရွလေး စားသောက်ချင်တယ်ဆိုရင်တော့ အာလူးများကို ရေအေးထဲမှာ မိနစ် ၃၀ ခန့် စိမ်ထားလိုက်ပါ။ ပြီးမှ ကြော်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အာလူးကြော်က ကြွပ်ကြွပ်ရွရွလေးနဲ့ စားရတာ အရသာပိုရှိပါတယ်။

ဟင်းချက်ဆီကို ထပ်ခါတလဲလဲ အသုံးပြုချင်တယ်ဆိုရင်

ငါးကြော်ပြီးသားဆီ (သို့) ဟင်းချက်ပြီးသား ဆီကို ထပ်ခါတလဲလဲ အသုံးပြုခြင်းက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ မတတ်သာလို့ အသုံးပြုရမယ်ဆိုရင်တော့ ဂျင်းတုံးများကို ထိုဆီထဲမှာ ထည့်ကြော်ပေးလိုက်ပါ။ ဂျင်းတုံးများ ရွှေညိုရောင် ပြောင်းသွားပြီဆိုမှ ဖယ်ရှားလိုက်ပါ။ ဆီထဲမှ အနံ့အသက်များကို ဂျင်းက ဖယ်ရှားပေးပါလိမ့်မယ်။ ပြီးရင်တော့ ထိုဆီကို အလုံပိတ်ဖန်ဘူးထဲမှာ ထည့်ပြီး သိမ်းထားပေးလိုက်ပါ။

ကြက်ဥပြုတ်များကို အခွံခွာတဲ့အခါ

ကြက်ဥပြုတ်ပြီးသွားပြီဆိုတာနဲ့ ရေအေးထဲမှာ ၅ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ဒီလိုစိမ်ပေးခြင်းအားဖြင့် ကြက်ဥအခွံခွာရတာ ပိုမြန်သွားပါတယ်။

လက်မှာ ဟင်းခတ်အမွှေးအကြိုင်အမှုန့်များ စွန်းထင်းနေတဲ့အခါ

အာလူးကို လှီးဖြတ်ပြီးနောက် စွန်းထင်းနေတဲ့လက်ပေါ်မှာ ပွတ်တိုက်ပေးလိုက်ပါ။

ငရုတ်သီး လှီးဖြတ်ပြီးနောက် ငရုတ်သီးရဲ့ အပူဒဏ် မခံရဖို့အတွက်

ငရုတ်သီး မလှီးဖြတ်ခင်မှာ လက်ဖဝါးနှစ်ဖက်ကို ဆီဖြင့် သုတ်လိမ်းထားလိုက်ပါ။ ဒါဆိုရင်တော့ ငရုတ်သီးကြောင့် လက်ဖဝါးများ ပူစပ်ပူလောင်ဖြစ်ခြင်းမှ ကင်းဝေးသွားပါလိမ့်မယ်။

Source: womencommunityonline.com