ဟင်းချက်တဲ့အချိန်တိုင်းမှာ ကြက်သွန်ဖြူတို့ ဂျင်းတို့ကို မပါမဖြစ်တဲ့ အရာတွေပါပဲ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့က ဘယ်လောက်ပဲ ပါးစပ်နံတယ်ပြောပြော ဘယ်လောက်ပဲ အရသာမရှိပါဘူးပြောပြော ကြိတ်မှိတ်သည်းခံပြီး စားသုံးပေးမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် အင်မတန်အစွမ်းထက်တဲ့ ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။

ဒီဆောင်းပါးလေးထဲမှာတော့ ဂျင်းကို ပုံမှန်မှီဝဲစားသုံးပေးခြင်းက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ပေးစွမ်းနေသလဲဆိုတဲ့ အကြောင်းအရာလေးတွေကို ဝေမျှပေးချင်တာပဲဖြစ်ပါတယ်။

အအေးမိ တုပ်ကွေးရောဂါကို ကုသပေးခြင်း

Source: mnn.com

အခုဆိုရင် မိုးရာသီက တဖြည်းဖြည်း နီးကပ်လို့ လာပါပြီ။ မိုးတွင်းမှာ အဖြစ်များတဲ့ အအေးမိ တုပ်ကွေးရောဂါ၊ နှာစေး ချောင်းဆိုးခြင်းတို့ကို ဂျင်းက ပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။ လည်ချောင်းနာခြင်းကိုလည်း သက်သာစေပါတယ်။ သောက်သုံးရမယ့် ဆေးနည်းလေးကတော့ ဂျင်းကို အခွံခွာပြီး ပါးပါးလှီးကာ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာခန့်ကို ရေနွေးပူထဲ ထည့်စိမ်ပြီး တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ်ခန့် သောက်သုံးပေးရမှာပဲဖြစ်ပါတယ်။ အရသာလေး နည်းနည်းရှိချင်တယ်ဆိုရင်တော့ ပျားရည်အနည်းငယ် ထည့်သောက်လို့လည်းရပါတယ်။

ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ မူးဝေခြင်း အော့အန်ခြင်းတို့ကို သက်သာပျောက်ကင်းစေခြင်း

Source: parenting.firstcry.com

လစဉ်ဓမ္မတာကြောင့် နာကျင်ကိုက်ခဲခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ မူးဝေအော့အန်ခြင်းတို့အပြင် ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ခေါင်းမူးခြင်းတို့ ခံစားရပါက ဂျင်းပြုတ်ရည်လေး သောက်သုံးပေးလိုက်ပါ။ ဓမ္မတာကြောင့် ဗိုက်အောင့်တဲ့အခါ တဘက်အပူတစ်ထည်ကို ဂျင်းပြုတ်ရည်ထဲ စိမ်ပြီးနောက် အရည်ညှစ်လိုက်ပါ။ ထို့နောက် တင်ပါးဆုံရိုးမှာ ကပ်ထားပေးလိုက်ပါ။ နာကျင်ကိုက်ခဲမှုတွေ ပျောက်ကင်းသွားပါလိမ့်မယ်။

သွေးလှည့်ပတ်မှုကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးခြင်း

 

Source: montanahappy.com

ဂျင်းထဲမှာ သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေတဲ့ ခရိုမီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ်တို့ ပါဝင်ပါတယ်။ ဂျင်းပြုတ်ရည်လေး သောက်မယ်ဆိုရင် သွေးလှည့်ပတ်မှုကောင်းမွန်စေတာကြောင့် ချမ်းတုန်ခြင်း၊ အဖျားကြီးခြင်း (သို့) ချွေးထွက်များခြင်း ပြဿနာတို့ကို လျော့ပါးသက်သာစေပါတယ်။ သူ့ထဲမှာ ပါဝင်တဲ့ သတ္တုဓာတ်နဲ့ အမိုင်နိုအက်စစ်တို့ကလည်း သွေးကြောနဲ့ပတ်သက်တဲ့ရောဂါများ မခံစားရအောင် ကူညီကာကွယ်ပေးပါတယ်။

စိတ်ဖိစီးမှုနှင့် စိတ်ကျရောဂါမှ ကာကွယ်ပေးခြင်း

Source: Freepik.com

လုပ်ငန်းခွင်ကြောင့် စိတ်ဖိစီးမှုတွေ ခံစားရတဲ့အခါ လူမှုရေးပြဿနာနဲ့ အခြားအကြောင်းအရာ အမျိုးမျိုးကြောင့် စိတ်ဓာတ်ကျတဲ့အခါ ဂျင်းပြုတ်ရည် သောက်သုံးပေးလိုက်မယ်ဆိုရင် စိတ်ဖိစီးမှုများကို ပြေပျောက်စေပြီး ရွှင်လန်းတက်ကြွလာစေမှာပဲဖြစ်ပါတယ်။

ခံတွင်းအနံ့အသက်များ ကောင်းမွန်စေခြင်း

Source: splendidtable.org

သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ဂျင်းကို ထောင်းထားပြီး ရလာတဲ့အရည် ၂ စက် ၃ စက်ကို ရောမွှေလိုက်ပါ။ ထို့နောက် ရေနွေးနွေးလေးနဲ့ ထပ်ရောလိုက်ပြီး ပလုပ်ကျင်းပေးလိုက်ပါ။ တစ်နေ့ကို တစ်ကြိမ် နှစ်ကြိမ်ခန့် ပလုပ်ကျင်းပေးမယ်ဆိုရင် ခံတွင်းအနံ့အသက်ဆိုးများ ပျောက်ကင်းသွားမှာပဲဖြစ်ပါတယ်။