ဟင်းသီးဟင်းရွက်တွေကို လှီးချွတ်ပြီးလို့ ပိုနေတဲ့ အပိုင်းအစလေးတွေကို ချက်ချင်းလွှင့်မပစ်လိုက်ပါနဲ့။ တချို့ဟင်းသီးဟင်းရွက် တွေဟာဆိုရင် ပြန်ပြီးတော့ကို စိုက်ပျိုးပြီး စားသုံးလို့ရနိုင်တာကြောင့် ပိုက်ဆံလည်းချွေတာရင်း အပျင်းလည်းပြေရင်းဖြစ်အောင် အပင်လေးတွေ စိုက်ကြည့်လိုက်ပါ။

မီးဖိုချောင်ထဲမှာ အမှိုက်တွေပွတာလည်း သက်သာတဲ့အပြင် အခုလို ပိုးသတ်ဆေးတွေ အလွန်အကျူးသုံးနေချိန်မှာ ကျန်းမာရေးထိခိုက်မှာလည်း စိုးရိမ်စရာမလိုတော့ဘူးပေါ့။

ကြက်သွန်မြိတ်

စိုက်ရတာအလွယ်ဆုံးနဲ့ အမြန်ဆုံးအပေါက်လွယ်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီးတော့ အိမ်မှာစိုက်ထားမယ်ဆိုရင် နောက်ထပ်ဝယ်ဖို့ကို တွေးမိမှာမဟုတ်တော့ပါဘူး။ ကြက်သွန်မြိတ်အပင်အောက်ခြေကို အမြစ်တွေပါအပါချန်ပြီးတော့ ခရားတစ်ခု သို့မဟုတ် ဖန်ခွက်တစ်လုံးထဲမှာ ရေလက်မတစ်ဝက်လောက်ဖြည့်ပြီး ထည့်ထားလိုက်ပါ။

နေရောင်နွေးနွေးလေးအောက်မှာ ထားပေးလိုက်ပြီး သုံးလေးရက်လောက်ကြာရင် ရေအသစ်လဲပေးမယ်ဆိုရင်တော့ အပင်ပေါက်လေးတွေကို အနှေးနဲ့အမြန် မြင်တွေ့ရမှာပါပဲ။

စပါးလင်

ကြက်သွန်မြိတ်တွေလိုပဲ အမြစ်နားအောက်ခြေကို ဖန်ခွက်တစ်လုံးထဲမှာ ရေနည်းနည်းနဲ့အတူထားမယ်ဆိုရင် ရက်တိုအတွင်း အပင်ပေါက်လာတာကို မြင်တွေ့ရမှာပါ။

ငရုတ်ပွသီး

ငရုတ်ပွသီးတွေထဲက အစေ့တွေကို ပန်းအိုးတစ်လုံးထဲမှာ မြေကြီးနဲ့အတူမြုပ်ကာ နေရောင်ခြည်အောက်မှာ တိုက်ရိုက်ထားပေးပါ။

ထောပတ်သီး

ထောပတ်သီးအစေ့ကို ရေဆေးပြီး ဘေးပတ်ပတ်လည်ကနေ သွားကြားထိုးတံလေးချောင်းထိုးပေးကာ ရေထည့်ထားတဲ့ဖန်ခွက်တစ်လုံးထဲမှာ ဟန်ချက်ညီအောင်ထည့်ပေးပါ။ နေရောင်အောက်မှာထားပေးပြီး နှစ်ရက်တစ်ခါရေလဲပါ။ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့နောက် အစေ့ကွဲကာ ရိုးတံလေးထွက်လာမှာဖြစ်ပါတယ်။

ဂျင်း

ဂျင်းကိုဖန်ခွက်တစ်လုံးထဲမှာ တစ်ညရေစိမ်ပါ။ အဝကျယ်ကျယ် အိုးတစ်လုံးထဲမှာ မြေကြီးထည့်ကာ နှစ်လက်မလောက်နက်တဲ့အထိ ထိုးထည့်လိုက်ပါ။ ရေမှန်မှန်လောင်းပြီးတော့ နေရောင်မရှိတဲ့နေရာမှာထားပေးပါ။ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့နောက် အပင်ပေါက်လာမှာဖြစ်ပြီး သုံးလေးလကြာရင်တော့ စားသုံးနိုင်မှာဖြစ်ပါတယ်။

Image Source: Getty Images

Credit: foodnetwork.ca

Featured Image Source: Natural Ways