ဟင်းသီးဟင်းရွက် ကြိုက်နှစ်သက်သူတွေ စိတ်ဝင်စားမယ့် အကြောင်းအရာပါဘဲ။ ဟင်းသီးဟင်းရွက်ကို ချက်ပြီးစားရမလား၊ ဒီအတိုင်း စားရမလားဆိုပြီး အမြဲ တွေဝေနေတတ်ပါတယ်။

တချို့ ဟင်းသီးဟင်းရွက်တွေကလည်း ဟင်းချက်လိုက်ရင် ပါဝင်နေတဲ့ ဗီတာမင်ဓာတ်တွေ ၊ အင်ဇိုင်းတွေက အပူနဲ့ပျက်စီးသွားတတ်ပါတယ်။

ဒါပေမယ့် တချို့ ဟင်းသီးဟင်းရွက်တွေက အပူချိန်ကြောင့် ပိုပြီး အာဟာရရှိပြီး ကျန်းမာရေးအတွက် ပိုကောင်းသွားတာမျိုးလည်း ရှိပါတယ်။

ဒါ့ကြောင့် အစိမ်းစားတာထက် ဟင်းချက်စားရင် အာဟာရပိုရှိတဲ့ ဟင်းသီးဟင်းရွက် ၅ မျိုးကို ဝေမျှပေးချင်ပါတယ်။

မုန်လာဥနီ

မုန်လာဥနီတွေက မျက်လုံးကျန်းမာရေးအတွက်ကောင်းပါတယ်။ ဘာကြောင့်လဲ သင်သိပါသလား။

မုန်လာဥနီတွေမှာ Beta-Carotene ဆိုတဲ့ဓာတ်ပါဝင်ပြီး အဲ့ဒီဓာတ်က ဗီတာမင် A အဖြစ်ပြောင်းလဲနိုင်တာကြောင့် မျက်လုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

၂၀၀၂ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ ချက်ထားတဲ့ မုန်လာဥနီတွေမှာပါဝင်တဲ့ Beta-Carotene ဓာတ်ကို ခန္ဓာကိုယ်က ပိုစုပ်ယူနိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို အစိမ်းစားရင် ခရမ်းချဉ်သီးမှာပါဝင်တဲ့ စွမ်းအားမြင့် Lycopene ဆိုတဲ့ Antioxidant ရဲ့ ၄ ရာခိုင်နှုန်းလောက်ဘဲ ခန္ဓာကိုယ်က စုပ်ယူနိုင်တာပါ။ ခရမ်းချဉ်သီးမှာ ထူထဲတဲ့ ဆဲလ်နံရံတွေ ရှိတာကြောင့် ခန္ဓာကိုယ်က Lycopene ဓာတ်ကို စုပ်ယူနိုင်ဖို့ ခက်ခဲပါတယ်။

ခရမ်းချဉ်သီးကို ချက်ပြုတ်လိုက်ရင်တော့ ခန္ဓာကိုယ်က Lycopene ဓာတ်ကို လွယ်ကူစွာ စုပ်ယူနိုင်ပါတယ်။

ဟင်းနုနွယ်ရွက်

ဟင်းနုနွယ် ရွက်မှာ ဆဲလ်တွေကို ကြီးထွားဖွံ့ဖြိုးစေပြီး မျိုးဆက်ပွားကျန်းမာရေးကို အထောက်အပံ့ဖြစ်စေတဲ့ Folate နဲ့ သံဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။

ဟင်းနုနွယ် ရွက်မှာပါဝင်တဲ့ Folate ဓာတ်က အပူနဲ့ထိတွေ့တဲ့အခါမှာလည်း တိုးလာခြင်းမရှိပါဘူး။

ဟင်းနုနွယ်ရွက်ကို ဟင်းချက်ရင် ပိုပြီး အရသာရှိကာ အပူနဲ့ထိတွေ့ထားတဲ့ ဟင်းနုနွယ်ရွက်က အလွယ်တကူ ညိုးလွယ်တာကြောင့် ချက်ချက်ပြီးခြင်း မြန်မြန်စားလေ့ရှိတာကြောင့် အစိမ်းစားတာထက် Folate ဓာတ်ကို ပိုရရှိပါတယ်။

ကညွှတ်

ကညွတ်မှာ ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ ဗီတာမင် A, C နဲ့E တို့အပြင် Folate လည်းပါဝင်ပါတယ်။ ကညွတ်ရဲ့ ဆဲလ်နံရံတွေက ထူတာကြောင့် ဒီလို အာဟာရဓာတ်တွေကို အလွယ်တကူ မစုပ်ယူနိုင်ပါဘူး။

ကညွှတ်ကို ချက်ပြုတ်လိုက်ရင်တော့ ဆဲလ်နံရံတွေကို ဖျက်ဆီးနိုင်ပြီး ဗီတာမင်တွေနဲ့အမျှင်ဓာတ်တွေကို အလွယ်တကူ စုပ်ယူနိုင်မှာဖြစ်ပါတယ်။

ဖရုံသီး

ဖရုံသီးကို အစိမ်းစားတာတော့ အတော်ကို ရှားပါတယ်။ ဖရုံသီးက မုန်လာဥနီလိုပါဘဲ Beta-Carotene ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် ဟင်းချက်လိုက်ရင်တော့ ခန္ဓာကိုယ်ကပိုပြီး အလွယ်တကူ စုပ်ယူနိုင်ပါတယ်။