ပိတ်ရက်အရှည်ကြီးတွေရပြီး အိမ်မှာ အေးဆေးအနားယူချင်ကြတာက အလုပ်လုပ်နေသူတိုင်းရဲ့ ဆန္ဒပါ။

ဒါပေမယ့် ပွဲလမ်းသဘင်တွေလည်းရှိတာကြောင့် ဟိုမှာလိုက်စား၊ ဒီမှာလိုက်စား၊ အနားယူတာနဲ့ ကိုယ်အလေးချိန်က တရှိန်ထိုးတက်တော့တာပါဘဲ။

ဒါ့ကြောင့် ဒီသင်္ကြန်ပိတ်ရက်မှာလည်း ဝိတ်မတက်အောင် ဆောင်ရန်၊ ရှောင်ရန်လေးတွေ ဝေမျှချင်ပါတယ်။

တစ်ပတ်မှာ ၂ ကြိမ်လောက် ကိုယ်အလေးချိန်ကို ချိန်ပါ

ကိုယ်အလေးချိန် ချိန်ရာမှာ မနက်မိုးလင်း ဗိုက်ထဲမှာ ဘာအစာမှမရှိခင်မှာ ချိန်ပေးပါ။ အဲ့လို အမြဲချိန်ပေးမှ ကိုယ်အလေးချိန် စတက်တာနဲ့ သိသိသာသာ သတိထားမိမှာပါ။

မနက်တိုင်းကို လေ့ကျင့်ခန်းလုပ်ပြီး စပေးပါ

မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ပေးရင် တစ်နေ့လုံးအတွက် နေရထိုင်ရတာ သွက်လက်ပေါ့ပါးနေပါလိမ့်မယ်။

Medicine and Science in Sports and Exercise ဂျာနယ်က ပြုလုပ်ခဲ့တဲ့ သုတေသနအရ မနက်ပိုင်းမှာ လေ့ကျင့်ခန်းတဲ့ အမျိုးသမီးတွေက မနက်ပိုင်းမှာ လေ့ကျင့်ခန်းမလုပ်တဲ့ နေ့ထက် တစ်နေ့တာလုံး ပိုပြီး လှုပ်ရှားပြီး၊ အစာစားချင်စိတ်လည်း နည်းပါတယ်။

ကိုယ်စားချင်ရင် နည်းနည်းတော့ စားလိုက်ပါ

သင်္ကြန်ကျရင် မုန့်တွေ လုပ်တာ၊ ပို့တာတွေရှိတော့ ကိုယ်ကြိုက်တဲ့ ဆီထမင်းတို့၊ ဆနွင်းမကင်းတို့ လာပို့ရင် အရမ်း စားချင်ရင် အာသာပြေအောင် နည်းနည်းတော့ စားလိုက်ပါ။

အများအားဖြင့် ကိုယ်အလေးချိန်တက်ရတဲ့အကြောင်းအရင်းက လုံးဝမစားဘူးဆိုပြီး တင်းခံထားပြီး အရမ်းဆာလာပြီး တချို့ဆို ညမအိပ်နိုင်အောင် စားချင်စိတ်ဖြစ်တတ်ပါတယ်။

တကယ်တမ်းစားရော အများကြီး စားမိတော့တာပါပဲ။ ဒါ့ကြောင့် အာသာပြေအောင်လောက်တော့ စားပေးပါ။

လေ့ကျင့်ခန်းလုပ်ပေးပါ

ရုံးပိတ်ရက်မို့ စားမယ်၊ အိပ်မယ်၊ ရုပ်ရှင်ကြည့်မယ် ဘဲ လုပ်မယ်ဆိုရင်တော့ သေချာပါတယ် ကိုယ်အလေးချိန်တက်လာမှာပါ။

Gym မသွားနိုင်ရင်တော့ မနက်စောစော တခြားသူတွေ ရေမပက်ခင်လောက်မှာ ထပြေးတာမျိုး၊လမ်းလျှောက်တာမျိုး လုပ်ပေးသင့်ပါတယ်။ အိမ်မှာ ၁၅ မိနစ်လောက် ကြိုးခုန်လည်းရပါတယ်။ ၁၅ မိနစ်လောက် ကြိုးခုန်ရင် ကယ်လိုရီ ၁၉၀လောက် လောင်ကျွမ်းပါတယ်။

တတ်နိုင်သမျှ တောင့်ခံထားပါ

လူကို ဝစေတဲ့ အစားအစာတွေဖြစ်တဲ့ ချိစ်စတာတွေကို စားခါနီးတိုင်း၊ အလုပ်တစ်ခုခု ထလုပ်လိုက်တာမျိုး လုပ်ပါ။

ဒါဆို စားချင်တဲ့ စိတ်ပျောက်သွားပါလိမ့်မယ်။ ဒါမှမရဘူးဆိုရင်တော့ အာသာပြေအောင် နည်းနည်းစားလိုက်ပါ။

အသီးအရွက်များများစား၊ ရေများများသောက်ပါ

အသီးအရွက်တွေများများစားပေးပါ။ ကယ်လိုရီပါဝင်မှုနည်းတဲ့အပြင် ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေပါတယ်။ ပုံမှန် ခန္ဓာကိုယ်အလေးချိန် ရှိသူတွေအတွက်ဆိုရင် တစ်နေ့ကို ရေ ၈ ခွက်လောက်သောက်ပေးပါ။