နွားနို့တစ်ဖန်ခွက်နဲ့ နနွင်းမှုန့် စားပွဲတင်ဇွန်း တစ်ဝက်တို့ကို ရောနှောလိုက်မယ်ဆိုရင် ရွှေရောင်နွားနို့တစ်ခွက် ရရှိသွားမှာပဲဖြစ်ပါတယ်။ ဒီရွှေရောင်နွားနို့က သင့်ရဲ့ခန္ဓာကိုယ်ကို ညဘက်မှာ ကောင်းမွန်စွာအိပ်စက်အနားယူနိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။

ထိုဖျော်ရည်ကို နေ့စဉ်သောက်သုံးခြင်းအားဖြင့် ကိုယ်ခံစွမ်းအား မြင့်မားခြင်း၊ ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို သန့်စင်ပေးခြင်း၊ ကင်ဆာရောဂါမဖြစ်ပွားအောင် ကာကွယ်ပေးခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိခံစားရမှာပါ။

MyFood Myanmar ရဲ့စာဖတ်သူတို့အနေနဲ့ နနွင်းမှုန့် နွားနို့ဖျော်ရည်ကို ဘာ့ကြောင့် သောက်သုံးသင့်သလဲဆိုတဲ့ အကြောင်းပြချက်လေးတွေကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။

ဝိတ်ကျသွားခြင်း

နနွင်းမှုန့်က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးရုံသမကဘဲ ခန္ဓာကိုယ်ရှိအဆီပိုများကို ချေဖျက်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဝိတ်ကျချင်သူများအနေနဲ့ နွားနို့ထဲကို နနွင်းမှုန့်လေးများ ထည့်သောက်ပေးနိုင်ပါတယ်။

နှလုံးအားကောင်းအောင် ကူညီပေးခြင်း

နနွင်းမှုန့် နွားနို့ကို ညအိပ်ရာဝင်ခါနီးတိုင်း သောက်သုံးပေးမယ်ဆိုရင် နှလုံးရောဂါ ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်ရာရောက်ပါတယ်။

ဉာဏ်ရည်ထက်မြက်လာအောင် စွမ်းဆောင်ပေးခြင်း

နနွင်းမှုန့် နွားနို့ကို နေ့စဉ် ပုံမှန်သောက်သုံးခြင်းအားဖြင့် အာရုံကြောစနစ်ကောင်းမွန်လာပြီး အယ်လ်ဇိုင်းမားရောဂါကြောင့် မှတ်ဉာဏ်ဆုံးရှုံးခြင်း ဖြစ်စဉ်မခံစားရအောင် ကာကွယ်ပေးနိုင်ပါတယ်။

အသည်းရှိ အဆိပ်အတောက်နဲ့ အညစ်အကြေးများကို ဖယ်ရှားပေးခြင်း

နနွင်းမှုန့်က သင့် အသည်းကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားပေးစွမ်းနိုင်တယ်လို့ သက်သေပြထားပြီးသားဖြစ်ပါတယ်။ နနွင်းမှုန့်က အသည်းထဲမှာ စုပုံနေတဲ့ အဆီအက်ဆစ်များကို ဖယ်ရှားပေးပြီး အသည်းကို သန့်စင်ပေးမှာပါ။

ခန္ဓာကိုယ်ရောင်ရမ်းခြင်းကို သက်သာစေခြင်း

နနွင်းမှုန့်နဲ့ နွားနို့ရဲ့ ပေါင်းစပ်လိုက်တဲ့အစွမ်းက ခန္ဓာကိုယ်ရောင်ရမ်းခြင်း၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း စတဲ့ နာကျင်မှုတို့ကို လျော့ပါးသက်သာသွားအောင် ကူညီပေးနိုင်ပါတယ်။

ကင်ဆာရောဂါကို တိုက်ဖျက်ပေးခြင်း

လေ့လာတွေ့ရှိချက်များအရ နနွင်းမှုန့်က ကင်ဆာဆဲလ်များကို ဖယ်ရှားပေးပြီး ကင်ဆာဆဲလ်များပွား မလာအောင် ကာကွယ်ပေးတယ်လို့ သိရှိရပါတယ်။

အရိုးအဆစ်များ သန်မာလာခြင်း

နနွင်းမှုန့်က အရိုးများဆုံးရှုံးမှုကို ၅၀ ရာခိုင်နှုန်းခန့် ကာကွယ်ပေးပါတယ်။ နွားနို့မျာတော့ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီဓာတ်တို့ ကြွယ်ဝတဲ့အတွက်ကြောင့် အရိုးအဆစ်များကို သန်မာစေမှာပဲဖြစ်ပါတယ်။

ခုခံစွမ်းအား မြှင့်မားလာခြင်း

နနွင်းမှုန့်ထဲမှာ ပါဝင်တဲ့ Curcumin လို့ခေါ်တဲ့ စွမ်းအားပြင်းဓာတ်တစ်မျိုးက ပြင်ပမှ ရောဂါပိုးမွှားများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်မလာအောင် ကူညီပေးတာကြောင့် ဒေါင်ဒေါင်မြည် ကျန်းမာနေမှာပဲဖြစ်ပါတယ်။

Source: Brightside.me