လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်တုန်းကဆိုရင် လူသားတွေက အသက်ကြီးတစ်ခုရောက်လာမှသာ မျက်စိမှုန်လာကြတာပါ။ ဒါပေမဲ့ အခုလို အိုင်တီခေတ်ကြီးထဲမှာ ဖုန်းတွေ ကွန်ပျူတာတွေရဲ့အခန်းကဏ္ဍက အရေးကြီးတဲ့နေရာမှာ ပါဝင်လာကြပါတယ်။ အလုပ်ဆိုရင်လည်း အလုပ်အလျောက်၊ စိတ်အပန်းဖြေစရာဆိုလည်း စိတ်အပန်းဖြေစရာအလျောက် ဖုန်းတွေ၊ ကွန်ပျူတာတွေကို နေ့တိုင်းအသုံးပြုကြပါတယ်။

နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ကတော့ ကလေး၊ လူကြီး၊ လူငယ် အသက်အရွယ်မရွေး မျက်စိအားနည်းလာကြတာပဲဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ မိမိကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိမိချစ်သူခင်သူ တစ်ယောက်ယောက် မျက်စိအားနည်းလာပြီဆိုရင် မျက်စိအားပြန်ကောင်းအောင် ဘယ်လိုအစားအစာတွေကို စားသုံးသင့်သလဲဆိုတာကို ဗဟုသုတအနေနဲ့ သိထားရအောင် ဒီဆောင်းပါးလေးကို အဆုံးထိဆက်ဖတ်ကြည့်လိုက်ပါဦးနော်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

သင့်ရဲ့မျက်ကြည်လွှာနဲ့ မျက်လုံးအားကောင်းဖို့အတွက်ဆိုရင် အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို နေ့စဉ်မှန်မှန်စားသုံးပေးရပါမယ်။ အထူးသဖြင့် ကိုက်လံ၊ ဟင်းနုနွယ်၊ ဆလပ်ရွက်၊ ဂေါ်ဖီထုပ် စတဲ့ ဟင်းသီးဟင်းရွက်တွေကတော့ အသင့်တော်ဆုံးပါပဲ။

ငါး

ငါးများက အိုမီဂါသရီး ဖက်တိအက်ဆစ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုဖက်တိအက်ဆစ်ထဲမှာ သင့်မျက်လုံးကို အဓိကကာကွယ်ပေးတဲ့ အဆီနှစ်မျိုးဖြစ်တဲ့ EPA နဲ့ DHA တို့ ပါဝင်ပါတယ်။ ဒါ့ကြောင့် မျက်စိကို ပြင်ပအန္တရာယ်များမှ ကာကွယ်ပေးဖို့အတွက် ငါးများများ စားသုံးပေးဖို့လိုပါတယ်။

အသားနှင့် ပင်လယ်စာများ

အသားနှင့် ပင်လယ်စာတွေမှာ ဇင့်ဓာတ်နှင့် အိုမီဂါသရီး ဖက်တိအက်ဆစ်များပါဝင်ပါတယ်။ အမဲသား၊ ဝက်သား၊ ကြက်သား၊ ဂဏန်း၊ ကရုကမာကောင်တို့ကို ထမင်းစားတဲ့အခါတိုင်း အာဟာရမျှတစွာ စားသုံးသင့်ပါတယ်။

အစေ့အဆံနှင့် အခွံမာသီးများ၊ ပဲအမျိုးမျိုး

အစေ့အဆံများနဲ့ ပဲအမျိုးမျိုးတို့တွင် ဗီတာမင်အီးဓာတ် အများဆုံးပါဝင်ပြီး ဖက်တိအက်ဆစ်နှင့် ဇင့်ဓာတ်တို့လည်း ပါဝင်ပါတယ်။ ဇင့်ဓာတ်က မျက်ကြည်လွှာ ကျန်းမာနေအောင်၊ ထိခိုက်ဒဏ်ရာမရအောင် ထိန်းသိမ်းပေးထားပါတယ်။ မျက်ကြည်လွှာအမြှေးပါးနှင့် ပရိုတင်းဓာတ်များကို ထိန်းသိမ်းထားဖို့ရန်အတွက်လည်း တာဝန်ယူထားရပါတယ်။

ဗီတာမင်အီးကတော့ မျက်စိထဲတွင် သွေးခဲခြင်း၊ မျက်စိသွေးကြော ကျယ်လာခြင်း၊ ကျုံ့သွားခြင်းတို့မဖြစ်အောင် ကူညီပေးရတဲ့ ဗီတာမင်ဓာတ်တစ်မျိုးပါပဲ။ ဒါ့ကြောင့် ဗီတာမင်အီးနဲ့ ဇင့်ဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ မြေပဲ၊ ပဲအမျိုးမျိုး၊ အယ်လ်မွန်သီး၊ နေကြာစေ့ စတဲ့ အစေ့အဆံတွေကို များများစားသုံးပေးလိုက်ပါ။

အချဉ်ဓာတ်ကြွယ်ဝသော သစ်သီးများ

ဗီတာမင်စီဓာတ်ကတော့ သွေးကြောလေးများ၊ အရိုးအဆစ်များ၊ အရွတ်များအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ဒါ့အပြင် ဗီတာမင်စီက ဗီတာမင်အီးကဲ့သို့ အာဟာရဓာတ်များ အသစ်ပြန်လည်ထုတ်လွှတ်ပေးပြီး မျက်လုံးအားပြန်ပြည့်အောင် ကူညီပေးပါတယ်။

ဗီတာမင်စီဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေဖြစ်တဲ့ စပျစ်သီး၊ ဘလူးဘယ်ရီသီး၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ သံပုရာသီး စတဲ့သစ်သီးများကို စားသုံးပေးနိုင်ပါတယ်။

Source: Stylecraze.com