ကြက်သွန်ဖြူကို အလွယ်တကူဝယ်ယူရရှိနိုင်တာကြောင့် ကြက်သွန်ဖြူရဲ့တန်ဖိုးနဲ့ ကြက်သွန်ဖြူက ပေးစွမ်းနိုင်တဲ့အကျိုးအာနိသင်တွေကို မေ့လျော့နေတတ်ကြပါတယ်။ ရံဖန်ရံခါဆို ကြက်သွန်ဖြူစားရတာ စိတ်ပျက်စရာကြီးလို့တောင် တွေးမိတတ်ကြပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူက အအေးမိဖျားနာခြင်းက ကင်းဝေးအောင် ကူညီပေးတယ်ဆိုတာကို စာဖတ်သူတို့ သတိထားမိကြရဲ့လား။

ကြက်သွန်ဖြူနေ့တိုင်း စားသုံးခြင်းက ဘယ်လိုအကျိုးအာနိသင်တွေ ပေးစွမ်းနိုင်သလဲဆိုတာ စာဖတ်သူတို့ စိတ်ဝင်စားတယ်ဆိုရင် ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်လိုက်ပါ။

ဆွဲဆောင်မှုတိုးလာမယ်။

ကြက်သွန်ဖြူစားရင် ပါးစပ်နံလို့ ဘယ်သူကမှ စကားလာပြောချင်ကြမှမဟုတ်ဘူးဆိုပြီး ထင်တတ်ကြပါတယ်။ လေ့လာစမ်းသပ်ချက်အရ ကြက်သွန်ဖြူစားထားတဲ့သူရဲ့ ကိုယ်သင်းရနံ့က အခြားသူတွေကို ဆွဲဆောင်နိုင်တယ်လို့ သိရှိရပါတယ်။ ဒါပေမဲ့ ကိုယ့်ချစ်သူနဲ့ ချိန်းထားတယ်ဆိုရင် ကိုယ့်ကောင်လေး၊ ကောင်မလေးနဲ့ မတွေ့ခင် ၁၂ နာရီအလိုမှာ ကြက်သွန်ဖြူ ၂ မြွှာလောက်ပဲ ကြိုစားထားရပါမယ်။

ခန္ဓာကိုယ် ခုခံစွမ်းအားတိုးမြှင့်လာမယ်။

ကြက်သွန်ဖြူက ပြင်ပမှ ဗိုင်းရပ်စ်ပိုးများ၊ အအေးမိဝေဒနာများ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့အခါ ကာကွယ်တိုက်ဖျက်ပေးနိုင်အောင် ကူညီပေးပါတယ်။ ကြက်သွန်ဖြူထဲမှာ ဗီတာမင်များ၊ အဆီဓာတ်များနဲ့ အမိုင်နိုအက်စက်များ ပါဝင်တာကြောင့် ဘက်တီးရီးယားများနဲ့ မှိုများကို သေစေနိုင်တဲ့အစွမ်းသတ္တိပါဝင်ပါတယ်။

သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း

သွေးတိုးရောဂါ ခံစားနေရတဲ့သူဆိုရင် အစားစားတိုင်းမှာ ကြက်သွန်ဖြူစားသုံးပေးပါ။ ကြက်သွန်ဖြူက သွေးကြောများကို ကျယ်စေပြီး သွေးပေါင်ချိန်ကျစေပါတယ်။ သွေးတိုးတဲ့အခါ မူးနောက်နောက်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းဝေဒနာများ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။ သွေးတိုးရောဂါရှိသူတွေအဖို့ တစ်နေ့ကို ကြက်သွန်ဖြူ ၄ မြွှာစားသုံးသင့်ပါတယ်။

မှတ်ဉာဏ်စွမ်းအားကောင်းလာမယ်။

စားသုံးလိုက်တဲ့အစားအစာတွေနဲ့ အောက်ဆီဂျင်ဓာတ်များကို ဓာတုဓာတ်ပြုပြီးနောက် စွမ်းအင်အဖြစ်ပြန်လည်ထုတ်လွှတ်ပေးရတဲ့အခါ ဦးနှောက်က တဖြည်းဖြည်း အသက်ကြီးရင့်လာပြီး လုပ်ဆောင်နိုင်စွမ်းကျဆင်းလာပါလိမ့်မယ်။ ထိုဓာတုဓာတ်ပြုခြင်းဖြစ်စဉ်က ဦးနှောက်ဆဲလ်များနဲ့ အရေပြားများကို ပျက်စီးစေပြီး အရင်က ထက်ထက်မြက်မြက်နဲ့ဉာဏ်ကောင်းခဲ့သလောက် အသက်ကြီးလာတဲ့အခါ မှတ်ဉာဏ်စွမ်းအားတွေ ကျဆင်းလာပါတယ်။ ထိုကဲ့သို့ မှတ်ဉာဏ်ကျဆင်းခြင်းကို ကာကွယ်ဖို့အတွက် ကြက်သွန်ဖြူကို နေ့စဉ်မှန်မှန်စားသုံးသင့်ပါတယ်။ ငယ်ရွယ်စဉ်မှာ ကြက်သွန်ဖြူမှန်မှန်စားသုံးခြင်းက အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ ခံစားရခြင်းမှ ကာကွယ်ရာလည်း ရောက်ပါတယ်။

အသားအရေအလှအပအတွက်ရော ဆံကေသာကျန်းမာရေးအတွက်ပါ အထောက်အကူပြုခြင်း

ကြက်သွန်ဖြူ နေ့စဉ်မှန်မှန်စားသုံးခြင်းက ဆံကေသာကို ရှည်လျားထူထဲလာစေပါတယ်။ ဒါ့အပြင် အသားအရေကိုလည်း တင်းရင်းလှပစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပါတယ်။ နေရောင်ခြည်ဒဏ်ကြောင့် အသားအရေခြောက်သွေ့ပျက်စီးခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။

Source: Brightside.me