အချို့သောဟင်းလျာနဲ့ အစားအစာများက အင်မတန်စပ်လှပါတယ်။ ဘယ်လောက်ထိတောင်စပ်လဲဆိုရင် ဟင်းချက်တဲ့စားဖိုမှူးတွေကိုယ်တိုင် ဟင်းချက်တဲ့အခါ မျက်စိစပ်မှာစိုးလို့ ဓာတ်ငွေ့ကာ မျက်နှာအုပ်နဲ့ မျက်လုံးတွေကို ကာကွယ်ကြရပါတယ်။

ဒီလိုစပ်တဲ့အစားအစာတွေက ခန္ဓာကိုယ်အပြင်ပိုင်းအတွက်သာမက ခန္ဓာကိုယ်အတွင်းပိုင်းကိုလည်း ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးတွေ ဖြစ်စေနိုင်သလဲဆိုတာ သိထားဖို့အတွက် MyFood Myanmar ရဲ့ စာဖတ်ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ရပါတယ်။

ကိုယ်အလေးချိန် လျော့ချပေးခြင်း

အစပ် စားသုံးခြင်းက ခန္ဓာကိုယ်က အဆီပိုတွေကို ဖယ်ရှားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ အစားအသောက် ရှောင်ကြဉ်ခြင်းကိုတော့ မမှီပေမယ့် ငရုတ်သီးစိမ်းတွေထဲမှာ ပါဝင်တဲ့ Capsinoids ဓာတ်က စွမ်းအင်များကို တိုးမြှင့်ပေးပြီး အဆီပိုများကို လျော့ချပေးနိုင်ပါတယ်။

နာကျင်မှုဝေဒနာကို ပိုမိုခံနိုင်လာခြင်း

အစပ်မစားနိုင်တဲ့သူတွေအတွက်တော့ ငရုတ်သီးစားခြင်းက နာကျင်မှုတစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမဲ့ သုတေသနပညာရှင်များရဲ့အဆိုပြုချက်အရ ငရုတ်သီးထဲမှာပါဝင်တဲ့ Capsaicin ဓာတ်က နာကျင်မှုဝေဒနာကို လျစ်လျူရှူနိုင်အောင် ဦးနှောက်ကို လှုံ့ဆော်ပေးတယ်လို့ ပြောကြားထားကြပါတယ်။

ကိုယ်ခံစွမ်းအား မြင့်မားလာခြင်း

အစပ်များ စားသုံးခြင်းကြောင့် သင့်ခန္ဓာကိုယ်က Antioxidants များ ကြွယ်ဝလာမှာပဲဖြစ်ပါတယ်။ Antioxidants များက ခန္ဓာကိုယ်ထဲသို့ ရောဂါပိုးမွှားများ ဝင်ရောက်မလာအောင် ရာသီတုပ်ကွေးများ အန္တရာယ်မှ ကာကွယ်ပေးပါတယ်။ သင့်အနေနဲ့ ဖျားချင်သယောင်ယောင် ဖြစ်လာတဲ့အခါ အစပ်များများ စားပေးလိုက်ရုံနဲ့တင် နေပြန်ကောင်းလာပါလိမ့်မယ်။

သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ဖို့ အခွင့်အလမ်းများခြင်း

လေ့လာချက်အရ တစ်ပတ်ကို အစပ်များ ၆ ရက်၊ ၇ ရက်ခန့် စားသုံးတဲ့သူတွေက အခြားသူများနဲ့ ယှဉ်တဲ့အခါ အသက်ရှည်ရှည်နဲ့ ကျန်းမာစွာနေထိုင်မှုနှုန်း ၁၄ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားတယ်လို့ သိရှိရပါတယ်။ ဒါပေမဲ့ အစပ်ချည်းပဲ သီးသန့်ကတော့ ကူညီနိုင်မှာမဟုတ်ပါဘူး။ ကျန်းမာရေး လိုက်စားဖို့လည်း လိုအပ်ပါသေးတယ်။

အချိုဓာတ် လွန်ကဲစွာစားသုံးမှုကို လျော့ချနိုင်ခြင်း

သကြားဓာတ် လွန်ကဲစွာ စားသုံးခြင်းကလည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါပေမဲ့ စပ်တဲ့အစားအစာ စားသုံးပြီးနောက်မှာတော့ အချိုဓာတ်တောင့်တမှုက လျော့ကျလာပါလိမ့်မယ်။

ဗိုက်နာခြင်း

ကောင်းကျိုးနဲ့ ဆိုးကျိုးက အမြဲဒွန်တွဲနေတယ်ဆိုတဲ့အတိုင်းပဲ ဘယ်လောက်ပဲ ကောင်းကျိုးများများ ဆိုးကျိုးတစ်ခုတလေကတော့ ရှိစမြဲပါပဲ။ သင့်အနေနဲ့ သင့်အစာအိမ်က အစပ်ကို လက်မခံနိုင်ဘူးဆိုရင်တော့ မိမိကိုယ်ကို ဒုက္ခမပေးတာ အကောင်းဆုံးပါပဲ။

Source: Brightside.me