ဟိုအစားအစာလေး စားချင်လိုက်တာ၊ ဒီအစားအစာလေး စားချင်လိုက်တာဆိုတဲ့ စိတ်ခံစားချက်က လူသားတိုင်းမှာ ဖြစ်ပေါ်တတ်တဲ့ ခံစားချက်တစ်ခုပဲ ဖြစ်ပါတယ်။ ထိုကဲ့သို့ စားချင်စိတ်ဖြစ်ပေါ်ခြင်းက အကြောင်းအရင်း (၂) မျိုး ရှိပါတယ်။

ပထမအကြောင်းအရင်းကတော့ သင် အမှန်တကယ် ဆာလောင်နေခြင်းဖြစ်ပြီး ဒုတိယအကြောင်းအရင်းကတော့ သင့်ခန္ဓာကိုယ်မှာ အာဟာရဓာတ် တစ်မျိုးမျိုး ချို့ယွင်းနေတဲ့အတွက်ကြောင့် ဦးနှောက်က အကြောင်းလှမ်းကြားတာဖြစ်ပါတယ်။

သင် စားချင်နေတဲ့ အစားအစာပေါ်မူတည်ပြီး သင့်မှာ ဘယ်လိုအာဟာရဓာတ်များ ချို့ယွင်းနေပြီလဲဆိုတာကို သိရှိနိုင်ပါတယ်။

သင်က ရုတ်တရက်ကြီး ချောကလက်စားချင်လာတာလား

ရုတ်တရက်ကြီး ချောကလက်စားချင်စိတ်ဖြစ်လာခြင်းက သင့်မှာ မဂ္ဂနီစီယမ်ဓာတ် ချို့ယွင်းနေလို့ပဲဖြစ်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ စိတ်ကျရောဂါ၊ စိတ်မတည်မငြိမ်ဖြစ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ လေ့လာချက်တစ်ခုအရ တစ်နေ့ကို Dark Chocolate ၁၀၀ ဂရမ်မှ ၄၀၀ ဂရမ်စားသုံးခြင်းက စိတ်ကျရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ သိရှိရပါတယ်။

ဒိုးနတ်နှင့် အခြားသော အချိုအစားအစာများ စားချင်စိတ်ဖြစ်ပေါ်ခြင်း

အိပ်ရေးမဝခြင်းနှင့် အဝလွန်ခြင်းတို့က ဆက်စပ်နေတယ်ဆိုတာကို သင် သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒီလိုမျိုးအချိုဓာတ်လွန်ကဲတဲ့အစားအစာများ စားချင်နေခြင်းက သင့်ခန္ဓာကိုယ်က အရမ်းပင်ပန်းနေကြောင်း အချက်ပြနေတာပါ။

ထိုအချိုလွန်ကဲတဲ့အစားအစာများ စားသုံးမယ့်အစား သဘာဝသစ်သီးတွေဖြစ်တဲ့ မက်မွန်သီး၊ ဖရဲသီး၊ ချယ်ရီသီးတို့ကို စားသုံးနိုင်သလို စပျစ်သီးခြောက်ကလည်း သင့်ကို စိတ်ကျေနပ်စေပါလိမ့်မယ်။

ချိစ် စားချင်နေတဲ့အခါ

ချိစ်ကို အလွန်အမင်းစားချင်နေစိတ် ဖြစ်ပေါ်ခြင်းက သင့်ခန္ဓာကိုယ်မှာ ဗီတာမင်အေနှင့် ဗီတာမင်ဒီ ချို့တဲ့နေပြီဖြစ်ကြောင်း ဖော်ပြနေတာပါ။ ဒါပေမဲ့ ပလပ်စတစ်တွေနဲ့ ထုတ်ပိုးထားတဲ့ချိစ်တွေ စားသုံးမယ့်အစား အာဟာရပြည့်ဝပြီး အဆီဓာတ်မပါဝင်တဲ့ Mozzarella ချိစ်များကို စားသုံးနိုင်ပါတယ်။

အာလူးကြော် စားချင်စိတ်ဖြစ်ပေါ်တဲ့အခါ

သင့်ခန္ဓာကိုယ်က သဘာဝအဆီဓာတ် လိုအပ်နေတာပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ဆီကြော် အာလူးကြော်တွေအစား အိုမီဂါသရီ ဖက်တိအက်ဆစ်နဲ့ သဘာဝအဆီဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ ဆော်လမွန်ငါး၊ ထောပတ်သီး၊ အစေ့အဆံအမျိုးမျိုးကို စားသုံးနိုင်ပါတယ်။

ဆိုဒါအအေး သောက်ချင်စိတ်ဖြစ်ပေါ်ခြင်းက

ကယ်လ်စီယမ်နှင့် ကာဖိန်းဓာတ် ချို့တဲ့နေခြင်းက လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကာဖိန်းဓာတ်ကို အလွန်အကျွံ မမှီဝဲဖို့လည်း လိုအပ်ပါတယ်။ နို့မဟုတ်ရင် ညဘက်မှာ သင့်ရဲ့အိပ်စက်ချိန်ကို အနှောင့်အယှက်ပေးပါလိမ့်မယ်။ ဒါ့အပြင် ဆိုဒါအအေးမှာ သကြားဓာတ်ပါဝင်မှု များပြားတဲ့အတွက်ကြောင့် ဆီးချိုရောဂါ ခံစားရနိုင်ချေ များပါတယ်။ ဒါ့ကြောင့် ဆိုဒါအအေးအစား Dark Chocolate စားသုံးခြင်း (သို့) လက်ဖက်ရည် အနည်းအကျဉ်းမျှ သောက်သုံးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

ရေခဲတုံးအေးအေးလေး စားချင်စိတ်ဖြစ်ပေါ်ခြင်း

ရေခဲတုံးအေးအေးလေးကိုမှ တောင့်တနေတယ်ဆိုရင်တော့ သင့်မှာ သံဓာတ်ချို့တဲ့နေတာပဲဖြစ်ပါတယ်။ ထိုကဲ့သို့ သံဓာတ်ချို့တဲ့ခြင်းက အလွယ်တကူပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေတဲ့အတွက်ကြောင့် လုံလောက်တဲ့သံဓာတ် ရရှိဖို့အတွက် ပဲအမျိုးမျိုးနှင့် ဟင်းနုနွယ်တို့ကို စားသုံးနိုင်ပါတယ်။

Source: Brightside.me