ဗိုက်ဆာတယ်ဆိုတာဟာ သင့်ဦးနှောက်က သင့်ကို စွမ်းအင်ထွက်လာအောင် အစာစားခိုင်းတာဖြစ်ပါတယ်။

ဗိုက်ဆာတာက ဇီဝကမ္မဖြစ်စဉ်အရ ကောင်းတဲ့ လက္ခဏာဖြစ်ပေမယ့် အချိန်တိုင်းလိုလို ဆာနေတာကတော့ မကောင်းပါဘူး။

အမြဲလိုလို ဗိုက်ဆာနေရတဲ့အကြောင်းအရင်းများ

ကစီဓာတ်တွေစားသုံးတာများခြင်း

ကစီဓာတ်တွေအားလုံးက မကောင်းဘူးလို့ မဆိုပါဘူး။ သကြားပါဝင်မှုများတဲ့ အစားအစာတွေ၊ ကစီဓာတ်တွေက အစာခြေစနစ်က အလွယ်တကူ ချေဖျက် စုပ်ယူနိုင်ပါတယ်။ ဒါ့ကြောင့် အစာအိမ်ထဲမှာ အစာမရှိတော့ဘဲ ပြန်ပြီး ဗိုက်ဆာလာတာတွေဖြစ်လာပါတယ်။

အစားအစာတွေက ချေဖျက်ဖို့ အချိန်ယူရလေ ဗိုက်ပြည့်ဖို့ ပိုခံစားရလေဖြစ်ပါတယ်။

စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်း

စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကြောင့် Cortisol တွေက ခန္ဓာကိုယ်ထဲမှာများလာပါတယ်။ ဒီဓာတ်က ခဏခဏ စားစေပါတယ်။

အာလူးကြော်၊ ရေခဲမုန့်၊ ချီစ် ပါတဲ့အစားအစာတွေကို ပိုပြီး စားစေမိပါတယ်။

ဒီလို စိတ်ဖိစီးမှုများတာ၊ စိတ်ဓာတ်ကျတာတွေဖြစ်ရင် အားကစားလုပ်တာ၊ စာအုပ်ဖတ်တာ စတာတွေနဲ့ လျော့ချလို့ရပါတယ်။

ရေဆောနေခြင်း

ရေဓာတ်ခမ်းခြောက်ရင် ဦးနှောက်ရဲ့ အချက်ပြချက်တွေကို ရှုပ်ထွေးစေပါတယ်။ ဒါ့ကြောင့် ရေသောက်ရမယ့်အစား ရေခဲသေတ္တာထဲက အစားအစာတွေကို ပိုစားချင်လာပါတယ်။ ဒါ့ကြောင့် အစားမစားခင် ရေအရင်သောက်ပါ။

ရေ 500 ml လောက်ကို အိပ်ရာထချိန်မှာ သောက်ပေးပါ။၂ နာရီခြားတစ်ခါလောက် ရေ ၁ ခွက်လောက်သောက်ပေးပါ။ ဗိုက်ဆာတာပျောက်ရုံသာမက အသားအရေလည်း လှပစေပါတယ်။

အစားအစာပုံတွေ မြင်ရခြင်း

ဒါကတော့ စာဖတ်သူတွေက ဗိုက်ဆာတာ MyFood Myanmar နဲ့လည်း သက်ဆိုင်နေသလိုပါဘဲ။ အစားအစာဓာတ်ပုံတွေ ဗီဒီယိုတွေ ခဏခဏ တင်လို့ပါ။

အစားအစာဓာတ်ပုံတွေ၊ ဗီဒီယို ခဏခဏမြင်ရင် ဦးနှောက်က ခန္ဓာကိုယ်ကို အစားအစာပိုတောင်းတတ်ပါတယ်။

Hyperthyroid ဖြစ်ရင်

လည်ပင်းကြီးရောဂါတစ်မျိုးဖြစ်တဲ့ Hyperthyroid ဖြစ်ရင် တချိန်လုံး ဗိုက်ဆာနေတတ်ပါတယ်။ ဒါ့ကြောင့် ဗိုက်ခဏခဏ ဆာနေတယ်၊ စားသလောက် ပိုပို ပိန်လာတယ်ဆိုရင်တော့ Thyroid ကို စစ်ဆေးသင့်ပါတယ်။