ငှက်ပျောသီး စားသုံးခြင်းက ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အားအင်ပြည့်ဝစေတယ်လို့ အားလုံးသိပြီးသားပါ။ ဒါပေမဲ့ ငှက်ပျောသီးအခွံကရော ကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားပေးစွမ်းနိုင်တာကိုရော သင် သိပြီးပါပြီလား။

နှလုံးသွေးကြောကျဉ်းရောဂါမှ ကာကွယ်ပေးခြင်း

ငှက်ပျောသီးအသားထက် ငှက်ပျောသီးအခွံမှာ ပါဝင်တဲ့အမျှင်ဓာတ်က ပိုများတယ်လို့ လေ့လာချက်တွေအရ သိရှိရပါတယ်။ သုတေသနပညာရှင်များက လူနာတွေကို ထပ်လေ့လာကြည့်တဲ့အခါ ငှက်ပျောသီးအခွံစားသုံးတဲ့သူတွေက ခန္ဓာကိုယ်ထဲရှိ မကောင်းတဲ့ ကိုလက်စထတောများ ကျဆင်းသွားတယ်ဆိုတာ ထပ်မံတွေ့ရှိရပါတယ်။

စိတ်ခံစားချက်များကို မြှင့်တင်ပေးခြင်း

ထိုင်ဝမ်တက္ကသိုလ်တစ်ခုရဲ့ သုတေသနာလေ့လာချက်အရ ငှက်ပျောသီးအခွံမှာ စိတ်ခံစားချက်ကို မြှင့်တင်ပေးပြီး ပျော်ရွှင်စေတဲ့ ဟော်မုန်းများကို ထုတ်လွှတ်ပေးနိုင်တဲ့ Serotonin ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ အခြားသုတေသနလေ့လာချက်များအရ သုံးရက်အတွင်း ငှက်ပျောသီးအခွံ ၂ ခုလောက်စားသုံးပေးခြင်းက Serotonin ဓာတ် ၁၅ ရာခိုင်နှုန်းခန့် တိုးမြှင့်ပေးပါတယ်။ ဒါ့အပြင် ထိုအခွံမှာ အိပ်စက်မှုကို ကူညီပေးတဲ့ Tryptophan ဓာတ်လည်း ပါဝင်တာကြောင့် သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပဲဖြစ်ပါတယ်။ ထို Tryptophan ဓာတ်ကို ကြက်ဆင်၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာလည်း တွေ့နိုင်ပါသေးတယ်။

Antioxidant ကြွယ်ဝခြင်း

ငှက်ပျောခွံထဲမှာ ပါဝင်တဲ့ Antioxidant က အသားအရေလည်း လှပစေသလို သင့် မျက်လုံးကိုလည်း ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ထိတွေ့မှုမှ ကာကွယ်ပေးတာကြောင့် အသက်ကြီးလာတဲ့အခါ မျက်စိတိမ်စွဲခြင်း၊ မျက်စိမှုန်ခြင်းတို့ မခံစားရဘဲ မျက်စိအားကောင်းစေမှာပဲဖြစ်ပါတယ်။

ငှက်ပျောခွံကို ဘယ်လိုစားသုံးရမလဲ

ငှက်ပျောခွံကို ဒီအတိုင်း စားလို့ရတယ်ဆိုပေမယ့် အရသာတော့ရှိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ငှက်ပျောခွံကို ပြုတ်စားပေးလိုက်ပါ။ ဒါဆိုရင် ငှက်ပျောခွံက နူးအိသွားမှာဖြစ်ပြီး သူ့ထဲက အရေးကြီးတဲ့ အာဟာရဓာတ်၊ ဗီတာမင်ဓာတ်တွေလည်း ဆုံးရှုံးမှာမဟုတ်ပါဘူး။

ဒါ့အပြင် ငှက်ပျောခွံ လက်ဖက်ရည်ကိုလည်း သောက်သုံးနိုင်ပါသေးတယ်။ ငှက်ပျောခွံကို ရေထဲထည့်ပြုတ်ထားပြီး အချိုဓာတ်ပါဝင်တဲ့ အရသာတစ်မျိုးမျိုးထည့်ပြီး ရရှိလာတဲ့ ငှက်ပျောခွံ လက်ဖက်ရည်ကို သောက်သုံးနိုင်ပါတယ်။

အရေးကြီးဆုံးအချက်တစ်ခုကတော့ ငှက်ပျောသီးစားပြီးတဲ့အခါ ငှက်ပျောခွံပါ စားမယ်လို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင် ဓာတုပိုးသတ်ဆေးတွေ အသုံးမပြုထားတဲ့ အော်ဂဲနစ်ငှက်ပျောသီးကို ရွေးချယ်ဝယ်ယူပေးဖို့ပါပဲ။ အော်ဂဲနစ်ငှက်ပျောသီးမဟုတ်ဘူးဆိုရင်တော့ ပိုးသတ်ဆေးမှုန့်တွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်းကြောင့် ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေမှာပဲဖြစ်ပါတယ်။

Source: askdrnandi.com