မျက်တောင်မွှေးများကို ရှည်လျားစေမယ့် နည်းလမ်းပေါင်း မြောက်များစွာရှိပါတယ်။ ထိုနည်းလမ်းများကတော့… သံလွင်ဆီ၊ အုန်းဆီများ လိမ်းကျံခြင်း၊ မျက်ခွံများအား နှိပ်နယ်ပေးခြင်း၊ မျက်တောင်မွှေးများကို မိတ်ကပ်ပစ္စည်းများ လိမ်းကျံခြင်းမှ ရှောင်ကြဉ်ခြင်း အစရှိသည်တို့ပဲဖြစ်ပါတယ်။ ထိုနည်းလမ်းတွေထဲကမှ အလွယ်ကူဆုံးနည်းလမ်းကတော့ မိမိနေ့စဉ်စားသုံးတဲ့အစားအစာများကို ဂရုစိုက်ခြင်းပါ။ အရသာလည်း ရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများကို စားသုံးပေးခြင်းက သင့်ရဲ့ မျက်တောင်မွှေးတွေအတွက်သာမဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးအတွက် အထောက်အကူပြုပေးပါတယ်။

ဒါဆိုရင် မျက်တောင်မွှေးလေးတွေကို သဘာဝအတိုင်း ရှည်လျားလာစေဖို့ ဘယ်လိုအစားအစာများ စားသုံးရမလဲ။

ဆော်လမွန်ငါး

ဆော်လမွန်ငါးများ အိုမီဂါသရီး ဖက်တိအက်ဆစ်၊ ဗီတာမင်ဒီနဲ့ ဗီတာမင်ဘီများ မြင့်မားစွာပါဝင်တဲ့ အစာရင်းမြစ်တစ်ခုပဲဖြစ်ပါတယ်။ အိုမီဂါသရီးဖက်တိအစ်ဆစ်က မျက်တောင်မွှေးများ ကျွတ်ခြင်း၊ ကျိုးကျေခြင်းတို့မှ ကာကွယ်ပေးပြီး ဗီတာမင်ဘီနဲ့ ဗီတာမင်ဒီတို့ကတော့ မျက်တောင်မွှေးများ ရှည်လျားလာဖို့အတွက် ကူညီပေးပါတယ်။

အစေ့အဆံနှင့် အခွံမာသီးများ

မြေပဲနှင့် အခြားသော အခွံမာသီးများက သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အိုမီဂါသရီး အက်ဆစ်နဲ့ ဗီတာမင် အီးတို့ကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဖက်တိအက်ဆစ်နဲ့ ဗီတာမင်အီးတို့က ဆံပင်မွှေးညှင်းပေါက်လေးများဆီသို့ အောက်စီဂျင်နဲ့ သွေးကို ပို့ဆောင်ပေးပါတယ်။ သွေးလှည့်ပတ်စီးဆင်းမှုကို တိုးမြှင့်ပေးပြီး အမွှေးအမျှင်များ သန်မာစေပါတယ်။

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များက ဗီတာမင်စီနဲ့ ဗီတာမင်အေတို့ ကြွယ်ဝစွာပါဝင်ကြပါတယ်။ ထိုဗီတာမင်များက သင့်မျက်တောင်မွှေးများ ရှည်လျား ကျန်းမာနေစေပြီး မျက်တောင်မွှေး မကျွတ်စေဖို့ ကူညီပေးပါလိမ့်မယ်။

မှို

မှိုတွေကတော့ ဗီတာမင် ဘီသရီး အရင်းအမြစ်အစားအစာတစ်ခုပဲဖြစ်ပါတယ်။ မှို စားသုံးပေးခြင်းအားဖြင့် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး Keratin ထုတ်လုပ်မှုကို အားပေးပါတယ်။ ဒါ့အပြင် ဗီတာမင် ဘီသရီးက မျက်တောင်မွှေးများ ခြောက်ခြင်း၊ ကြွပ်ဆတ်ပြီး ကျိုးကျေခြင်းများမှ ကာကွယ်ပေးပြီး မျက်တောင်မွှေးများကို သဘာဝအတိုင်း ရှည်လျားလာစေပါတယ်။

ပဲအမျိုးမျိုး

ပဲအမျိုးမျိုးမှာ ဗီတာမင် H နဲ့ ဖောလစ်အက်ဆစ်တို့ ပါဝင်ပါတယ်။ ဗီတာမင် H က ဆံပင်မွှေးညှင်းပေါက်များဆီသို့ သွေးစီးဆင်းမှု အားကောင်းစေပြီး မျက်တောင်မွှေးများကို ထူထဲစေပါတယ်။ ဖောလစ်အက်ဆစ်ကတော့ သင့်မျက်တောင်မွှေးများကို ကျန်းမာစေပြီး ကျိုးကျေခြင်းမှ ကာကွယ်ပေးပါလိမ့်မယ်။

ဥအမျိုးမျိုး

ကြက်ဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုးတွေက ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ မျက်တောင်မွှေး၊ ဆံပင်မွှေးတွေက Keratin လို့ခေါ်တဲ့ အမျှင်ကြမ်း ပရိုတင်းဓာတ်တစ်မျိုးဖြင့် ဖွဲ့စည်းထားကြပါတယ်။ ပရိုတင်းဓာတ် ကြွယ်ဝတဲ့အစားအစာများကို စားသုံးပေးခြင်းက Keratin ဓာတ်များကို ထုတ်လွှတ်ပေးပြီး မျက်တောင်မွှေးများ ရှည်လျားလာအောင် ကူညီပေးပါလိမ့်မယ်။

Source: Brightside.me