ကျန်းမာရေးနဲ့ညီညွှတ်မျှတအောင်၊ အာဟာရပြည့်ဝအောင် စားသုံးဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ အချိန်အတော်ကြာအောင် ကျင့်ယူရမယ့် အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။ တစ်ခါတလေ ကိုယ့်စိတ်ကို အလိုလိုက်ချင်ပြီး အဆီအဆိမ့်များတဲ့အစားအစာတွေ၊ အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေ စားချင်စိတ်ပေါ်တဲ့နေ့တွေလည်း ရှိမှာပါပဲ။

ကိုယ့်စိတ်အလိုမကျတဲ့နေ့တွေမှာ၊ စိတ်ရှုပ်တဲ့နေ့၊ စိတ်အားငယ်တဲ့နေ့တွေမှာ သင့်ရဲ့စိတ်ကို ပြန်လည်နိုးကြားတက်ကြွလာအောင် ပြုလုပ်ပေးနိုင်တဲ့ အစားအစာတစ်ချို့ ရှိပါတယ်။ ထိုအစားအစာတွေ စားသုံးလိုက်မယ်ဆိုရင် စိတ်ခံစားချက်များ ပြန်လည်ကောင်းမွန်လာမှာပဲ ဖြစ်ပါတယ်။

ချောကလက်

ချောကလက်ဆိုတဲ့ အသံကြားရုံနဲ့တင် စိတ်ထဲမှာ အလိုလိုကြည်နူးသွားတယ်မလား။ ချောကလက်ထဲမှာ ပါဝင်တဲ့ Antioxidants နဲ့ မဂ္ဂနီဆီယမ်ဓာတ် တို့က သွေးကြောများကို လှည့်ပတ်မှုကို ကောင်းမွန်စေပြီး သွေးဖိအားကို ထိန်းညှိပေးပါတယ်။ စိတ်ဓာတ်ကျခြင်း၊ စိတ်ပင်ပန်းနွမ်းလျခြင်းတို့ မခံစားချင်ဘူးဆိုရင် တစ်ပတ်ကို ၂ ကြိမ်၊ ၃ ကြိမ်လောက် ချောကလက်မဲ စားသုံးပေးပါ။

ကော်ဖီ

မနက်ခင်းမှာ မနက်စာစားရင်း ကော်ဖီတစ်ခွက်သောက်လိုက်မယ်ဆိုရင် တစ်နေ့တာလုံး စိတ်ခံစားချက်တွေ ကောင်းမွန်နေမှာပဲဖြစ်ပါတယ်။ မကောင်းတဲ့အတွေးအမြင်များ ဖယ်ရှားပေးပြီး ခိုင်မာပြတ်သားတဲ့ဆုံးဖြတ်ချက်များ ချမှတ်နိုင်မှာပဲဖြစ်ပါတယ်။

ဆော်လမွန်ငါး

ဆော်လမွန်ငါးက Omega-3 ကြွယ်ဝတဲ့အတွက်ကြောင့် စိတ်ကြည်လင်စေပြီး စိတ်ဓာတ်ကျခြင်းဝေဒနာများမှ ကင်းဝေးနိုင်အောင် ကူညီပေးပါတယ်။ ဟင်းသီးဟင်းရွက်များနဲ့ တွဲဖက်စားသုံးပေးမယ်ဆိုရင်တော့ တစ်နေ့တာလုံးမှာ အကောင်းမြင်စိတ်ရှိတဲ့သူတစ်ယောက်ဖြစ်နိုင်ပါတယ်။

ဥအမျိုးမျိုး

ကြွက်သားများ၊ ကျစ်လျစ်တောင့်တင်းချင်တာလား၊ ကိုယ်ခံအားကောင်းမွန်ပြီး နာမကျန်းဖြစ်ခြင်းမှ ကင်းဝေးချင်တာလား။ ကြက်ဥ နေ့စဉ်စားသုံးပေးပါ။ ကြက်ဥမှာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့အပြင် အအေးမိခြင်း၊ နှာစေးခြင်း၊ ဖျားနာခြင်းတို့မှ ကာကွယ်ပေးဖို့အတွက် ကိုယ်ခံအားကို ကောင်းမွန်စေတဲ့ ဗီတာမင် ဒီ ပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ထိုဗီတာမင်ဒီက ကိုယ်အလေးချိန်ကျချင်သူတွေအတွက် များများမှီဝဲသင့်တဲ့ ဗီတာမင်ဓာတ်တစ်မျိုးပါပဲ။

ဘယ်ရီသီးများ

စတော်ဘယ်ရီသီး၊ ရက်စ်ဘယ်ရီသီး၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီစတဲ့ဘယ်ရီသီးတွေက ရောင်ရမ်းခြင်းမှ ကာကွယ်ပေးပြီး စိတ်ကျရောဂါမခံစားရအောင် ကူညီပေးပါတယ်။ ဒါ့အပြင် အသားအရေအတွက်လည်း အထူးကောင်းမွန်တာကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ထောပတ်သီး

ထောပတ်သီးက စားသုံးခြင်းမှ ရရှိတဲ့သဘာဝအဆီက အသားအရေကို ကြည်လင်ချောမွေ့စေတဲ့အပြင် အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ စိတ်ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်ပေါ်စေတဲ့ဟော်မုန်းများကို တိုက်ဖျက်ပေးပြီး ဦးနှောက်လုပ်ဆောင်နိုင်စွမ်းကိုလည်း မြှင့်မားစေပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးထဲမှာ ပါဝင်တဲ့ဗီတာမင်ဘီက စိတ်ညစ်ခြင်း၊ စိတ်ရှုပ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကို တမဟုတ်ချင်း ပျောက်ကွယ်သွားအောင် ကူညီပေးပါတယ်။ ပိုတက်ဆီယမ်ပမာဏလည်း မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် နှလုံးရောဂါဖြစ်ပွားခြင်းနဲ့ အဆစ်အမြစ်ရောင်ရောဂါများ မခံစားရအောင် ကာကွယ်ပေးပါတယ်။

Source: Brightside.me