ချောကလက်ဟာ တစ်ကမ္ဘာလုံး စားသုံးတဲ့ အစားအစာ ဖြစ်ပြီး ပုံစံမျိုးစုံ အရသာ မျိုးစုံနဲ့ ထုတ်လုပ်လာကြပါတယ်။ ကလေး၊ လူကြီးမကျန် ကြိုက်နှစ်သက်ကြပြီး ချစ်ခင်ခြင်း ခံရတဲ့ အစားအစာ တစ်မျိုးပါ။ ချောကလက်ဆိုသည်မှာ ကကေးအိုခေါ် အပင်ရဲ့ အသီးအတောင့်လေး အတွင်းက အစေ့ဆန်တွေကို အမှှုန့်ကြိတ်ပြီး သကြား၊ နို့ တွေနဲ့ ရောစပ်ပြီး ပြုလုပ်ထားတဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။
အနောက်တိုင်း နိုင်ငံတွေနဲ့ သြစတြီးယား၊ နယူးဇီလန်ကျွန်းတွေမှာ ချောကလက်ကို အဓိက ထုတ်လုပ်ပြီး ကမ္ဘာအနှံ့ကို ဖြန့်ချီတင်ပို့ ကြပါတယ်။ ချောကလက်ဟာ ပင်ကိုယ် အရသာ အခါးဓာတ် ရှိတာကြောင့် သကြား၊ နို့၊ ကော်မှုန့်တွေနဲ့ ရောနှော ဖုံးအုပ်ပြီး ပြုလုပ် လာကြတာကြောင့် ချောကလက်ဟာ ချိုဆိမ့်ဆိမ့် အရသာ ဖြစ်လာပါတယ်။ ချောကလက် အမည်းကို စားရင်တော့ တခြား အရသာတွေ ရောထားခြင်း မရှိတာကြောင့် ပင်ကိုယ်အရသာ အခါးဓာတ်ကို ရရှိနိုင်ပြီးတော့ အချိုရှောင်သူတွေ အတွက် အဆင်ပြေစေနိုင်ပါတယ်။
၁၄၉၂ ခုနှစ်နောက်ပိုင်းတွေမှာ မက္ကဆီကိုနိုင်ငံကို စပိန်လူမျိုးတွေ ရောက်ရှိခဲ့ပြီး ကကေးအိုခေါ် အပင်ကနေ အစေ့ကို ကြိတ်ပြီး ဖျော်သောက်ကြတာကို တွေ့ခဲ့ပါတယ်။ စပိန်တွေက မြည်းစမ်းပြီး ခါးသက်သက် အရသာကို တွေ့ရှိခဲ့ပြီး ဥရောပကို ယူဆောင်ကာ သကြားနဲ့ ရောစပ်ပြီး မြည်းစမ်းသုံးဆောင်ခဲ့ကြတယ်လို့ တွေ့ရပါတယ်။ ၁၈ရာစုလောက်မှာတော့ ဥရောပတိုက် တစ်ခုလုံးကို ပြန့်နှံ့သွားပြီး ကိုကိုးအဖျော်ဆိုပြီး စတင် သောက်သုံးခဲ့ကြပါတယ်။
ချောကလက်မှာလည်း ထိုအခြေခံကို ယူပြီး ပြုလုပ်ထားတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ကကေးအိုပင်တွေဟာ ပူအိုက်ပြီး စိုစွတ်တဲ့ အမေရိကတိုက်၊ အာဖရိကတိုက်တွေမှာ အလေ့ကျ ပေါက်ပြီး ကကေးအိုစေ့များကို ကိုကိုးချော့ကလက် ပြုလုပ်တဲ့ နိုင်ငံတွေကို ပြန်ပြီးတ င်ပို့ရောင်းချပေး ခဲ့ပါတယ်။ ချောကလက် စက်ရုံတွေကို ရောက်တဲ့အခါမှာတော့ အစေ့တွေကို ပိုကောင်းအောင် လှော်ပြီး အဆန်တွေကိုသာ ယူပါတယ်။ အခွံတွေကိုတော့ မြေသြဇာ အဖြစ် အသုံးပြုတယ်လို့ ဆိုပါတယ်။ ကကေးအိုအစေ့မှာ ရတဲ့ အဆန်တွေဟာ အဓိက ပါဝင်ပစ္စည်းဖြစ်ပါတယ်။ ချောကလက်ပြုလုပ်ရာမှာ အဆန်တွေကို ချော့ကလက် အရည်ဖြစ်အောင် စက်နဲ့ အထပ်ထပ်ကြိတ်ပြီး ပုံစံခွက်လေးတွေထဲကို ထည့်ပါတယ်။ အအေးခံပြီးသကြား၊ နို့၊ ကော်မှုန့်တွေ ရောစွတ်လိုက်တဲ့ အခါ ချိုဆိမ့်တဲ့ ချောကလက်တွေ ဖြစ်လာပါတယ်။
ချောကလက်ဟာ အလွန်အဆီများတဲ့ အစားအစာပါ။ ကကေးအိုအဆန်တွေဟာ အဆီအနှစ် အင်မတန် များပါတယ်။ နောက်ပိုင်းမှာတော့ အဆီထုတ်ပြီးမှသာ ချောကလက် လုပ်တယ်လို့ ဆိုပါတယ်။ ချောကလက်ဟာ ပရိုတင်း၊ အဆီဓာတ်နဲ့ အခြား ခွန်းအားဖြစ်စေမယ့် ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အစာခံတဲ့ အတွက် စစ်သားတွေနဲ့ ပင်လယ်ရပ်ခြား ခရီးသွားသူတွေ အများဆုံး စားသုံးခဲ့ကြပါတယ်။
အခုဆိုရင်တော့ ချောကလက်ဟာ လူကြီးလူငယ် မရွေး စားသုံးနေကြပြီး ပုံစံမျိုးစုံ အနံ့ အရသာ မျိုးစုံကိုလည်း စားသုံးနိုင်ကြပါပြီ။