ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားအားကစားများကို ပုံမှန်ပြုလုပ်ပေးရပါမယ်။ လေ့ကျင့်ခန်း  ပုံမှန်ပြုလုပ်ပေးမှသာလျှင် အဝလွန်ခြင်း၊ နှလုံးရောဂါ၊ အသည်းအဆီဖုံးခြင်း စတဲ့ ရောဂါဘဝတွေနဲ့ ကင်းကင်းရှင်းရှင်းနေနိုင်မှာပဲဖြစ်ပါတယ်။

မိမိကြိုက်နှစ်သက်တဲ့ ကိုယ်လက်လှုပ်ရှားအားကစားကို ပြုလုပ်နိုင်ပေမယ့် ဒီဆောင်းပါးလေးထဲမှာတော့ အပြေးလေ့ကျင့်ခန်းပြုလုပ်သူတွေအတွက် အဓိကထားဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

အပြေးလေ့ကျင့်ခန်းပြုလုပ်ခြင်းက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး သက်လုံကောင်းစေတဲ့အပြင် ကိုလက်စတောပမာဏကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အပြေးလေ့ကျင့်ခန်းကို ကောင်းမွန်စွာလုပ်ဆောင်နိုင်ဖို့အတွက်ဆိုရင် လုံလောက်တဲ့စွမ်းအင်ရရှိဖို့လိုအပ်ပါတယ်။ ပြေးပြီးတဲ့နောက်မှာလည်း ကုန်ခမ်းသွားတဲ့ အားအင်များကို ပြန်လည်ဖြည့်တင်းပေးရပါမယ်။ ဒါ့ကြောင့် အပြေးလေ့ကျင့်ခန်းပြုလုပ်ပြီးနောက်မှာ စားသုံးသင့်တဲ့အစားအစာများကို ဖော်ပြပေးလိုက်ရပါတယ်။

ချောကလက်နွားနို့ သောက်ပါ

ချောကလက်နွားနို့ ပြုလုပ်ဖို့အတွက်ဆိုရင် နွားနို့ ဖန်ခွက် တစ်ခွက်စာ၊ ကိုးကိုးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ချောကလက်မှုန့် စားပွဲတင်ဇွန်း တစ်ဝက်၊ အယ်လ်မွန်မှုန့် စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့် တို့လိုအပ်ပါလိမ့်မယ်။

အရင်ဦးဆုံး နွားနို့ကို အပူပေးလိုက်ပါ။ ကိုးကိုးမှုန့် ပေါင်းထည့်ပြီး မွှေပေးလိုက်ကာ ဆက်လက်အပူပေးလိုက်ပါ။ ချောကလက်မှုန့် ထပ်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။ ရရှိလာတဲ့ အရည်ကို ဖန်ခွက်ထဲပြောင်းထည့်လိုက်ပါ။ ပြီးမှ အယ်လ်မွန်မှုန့်နဲ့ သစ်ကြမ်းပိုးခေါက်အမှုန့်တို့ ထပ်ထည့်ပြီး မွှေပေးလိုက်က အရသာရှိရှိသုံးဆောင်လိုက်ပါ။

သစ်သီးဒိန်ချဉ် စားပါ

ဘလူးဘယ်ရီသီး၊ ရက်စ်ဘယ်ရီသီးနဲ့ ဒိန်ချဉ် ပန်းကန်လုံးတစ်ဝက်စီး လိုအပ်ပါမယ်။ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းလည်း လိုအပ်ပါသေးတယ်။ ပျားရည်နဲ့ ဒိန်ချဉ်ကို ရောနှောလိုက်ပါ။ ထို့နောက် ဘလူးဘယ်ရီနဲ့ ရက်စ်ဘယ်ရီသီးများကို ဒိန်ချဉ်ထဲ ထည့်မြှုပ်လိုက်ပါ။ ရရှိလာတဲ့ ဘယ်ရီ ဒိန်ချဉ်ကို အရသာရှိရှိသောက်သုံးနိုင်ပါပြီ။

သစ်သီးညှပ်ပေါင်မုန့် စားပါ

ပေါင်မုန့် နှစ်ချပ်ခန့်၊ ဘလူးဘယ်ရီ (သို့) စတော်ဘယ်ရီသီး ပန်းကန်လုံး တစ်ဝက်ခန့် ထောပတ်မြေပဲယို စားပွဲတင်ဇွန်း ၂ ဇွန်းခန့်တို့ လိုအပ်ပါလိမ့်မယ်။

ပေါင်မုန့်ချပ်ပေါ်မှာ မြေပဲယိုလေး သုတ်လိုက်ပါ။ ပြီးရင် ဘယ်ရီသီးလေး ကပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သစ်သီးညှပ်ပေါင်မုန့်လေးကို အရသာရှိရှိစားသုံးနိုင်ပါပြီ။

ကြက်ရင်အုံသား စားပါ

ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ကြက်သားက ကုန်ခမ်းသွားတဲ့အားအင်များကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ကြက်ရင်အုံသားကင်ကို ခရမ်းချဉ်သီး၊ သခွားသီးစတဲ့ ဟင်းသီးဟင်းရွက်များနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

တူနာ Sandwich စားပါ

တူနာ Sandwich က သင့်ကို အသားဓာတ် ဖြည့်တင်းပေးနိုင်တာကြောင့် အပြေးလေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့နောက်မှာ စားသုံးပေးနိုင်ပါတယ်။

Source: stylecraze.com