အစားအစာတိုင်းကတော့ ခန္ဓာကိုယ်အတွက်တစ်ခုမဟုတ်တစ်ခု ကောင်းကျိုးတွေရှိနေတယ်ဆိုပေမယ့် တစ်ချို့အစားအစာတွေကြတော့လည်း အသားအရေကိုပျက်စီးစေလောက်တဲ့ထိအောင် လုပ်ဆောင်နိုင်တဲ့အစားအစာမျိုးတွေလည်းရှိပါတယ်။ မလှလည်းရပါတယ် မလှချင်ဘူးဆိုတဲ့သူတွေ အတွက်တော့ စားလို့အဆင်ပြေလောက်ပေမယ့် သဘာဝအတိုင်းကြည်လင်ပြီး ကောင်းမွန်နေတဲ့အသားအရေမျိုးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒါတွေကိုရှောင်ဖို့လိုအပ်ပါတယ်နော်။

နို့ထွက်ပစ္စည်း

နို့ထွက်ပစ္စည်းတွေတော်တော်များများက အသားအရေကိုပျက်စီးစေဖို့ အခွင့်အလမ်းပိုများနေတာကို တွေ့ရပါတယ်နော်။ နွားနို့တွေကို မကြာခဏ သောက်သုံးလာတဲ့အခါမှာ ခန္ဓာကိုယ်အသားအရေမှာရှိနေတဲ့ ချွေးပေါက်တွေကိုပိတ်ဆို့သွားစေပြီး ဝက်ခြံတွေကိုပိုပိုပြီးတော့ ဖြစ်လာစေနိုင်ပါတယ်။

အငံဓာတ်များတာတွေ

တစ်ချို့တွေက အစားစာတဲ့အခါမှာ ငံတဲ့အရသာကိုကြိုက်နှစ်သက်ကြတာပါ။ ဒီအချက်က ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အပြင် အသားအရေ အတွက်လည်း ကောင်းကျိုးဆိုတာမျိုးမရှိသလောက်ပါပဲ။ အစားအသောက်တွေစားတဲ့အခါမှာ ငံတာတွေကိုပဲစားနေမယ်ဆိုရင်တော့ အသားအရေကို တဖြည်းဖြည်းခြောက်သွေ့လာပြီး မလှပတော့တဲ့အသားအရေမျိုးကို ပိုင်ဆိုင်နေရတော့မှာပေါ့။

ချိုတဲ့တွေအရမ်းစားလွန်းတဲ့အခါ

လူတိုင်းကတော့ ချိုတဲ့အရသာကိုကြိုက်ကြတာပါပဲ။ ကလေးတွေဆိုရင်လည်း ချိုတာကြိုက်လွန်းလို့ သွားပိုးစားမှာတွေ၊ ချောင်းဆိုးမှာတွေကို စိတ်ပူနေရသလိုပဲ လူကြီးတွေအတွက်ဆိုရင်လည်း ဆီးချိုသွေးချိုတွေကို ဖြစ်စေတတ်တာကြောင့် ကျန်းမာရေးအတွက်လည်း ဂရုတစိုက်နဲ့ စားသောက်သင့်သလို ချိုတာတွေအရမ်းစားလွန်းတဲ့အခါမှာ အရေးအကြောင်းတွေကိုဖြစ်စေဖို့ အားပေးသလိုဖြစ်နေပြီး အရွယ်မတိုင်ခင်မှာထဲက အရေးအကြောင်းတွေကြောင့် စိတ်ညစ်နေရတာမျိုးတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်နော်။

အရက်သောက်လွန်းတဲ့သူ

တိုးတက်လာတဲ့ခေတ်ထဲမှာ မိန်းကလေးတွေလည်း အရက်သောက်တယ်ဆိုတာ အဆန်းတော့မဟုတ်တော့ပေမယ့် လိုတာထက် ပိုပြီးများလာတဲ့အခါ မျိုးမှာဆိုရင်တော့ ထိခိုက်မှုတွေနဲ့ ကြုံတွေ့လာရမှာအမှန်ပါပဲ။ သူငယ်ချင်းတွေနဲ့တူတူ Night Out ထွက်ပြီး သောက်ကြစားကြတာက လူငယ်သဘာဝ ပျော်ရွှင်မှုလို့ မှတ်ယူထားလို့ရပေမယ့် များလာတဲ့အခါမှာတော့ အသားအရေကို ပျက်စီးစေလောက်တဲ့ထိအောင် ထိခိုက်မှုတွေရှိလာနိုင်ပါတယ်နော်။

အစားစာတွေတော်တော်များများကတော့ အသားအရေကိုကောင်းကျိုးတွေပေးနိုင်ပြီး ထိခိုက်မှုတွေလည်းအရမ်းမများဘူးလို့ ဆိုလို့ရပေမယ့် ဒီလိုအစားစာမျိုးတွေကိုတော့ လိုတာထက်ပိုပြီးတော့ အရမ်းစားနေမယ်ဆိုရင်တော့ အသားအရေကို ပျက်စီးလာစေနိုင်ပါတယ်နော်။

Photo Source: Unsplash