ဂျင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပြီး အိန္ဒိယက စတင်သုံးစွဲတယ်လို့ ယူဆရပါတယ်။ ဂျင်းပင်ဟာ အမြင့်ပေ ၃-၄ ပေ လောက် ရှိပြီး အမြစ်ကို တူးယူစားသုံးရတာဖြစ်ပါတယ်။ အာရှတိုက် အရှေ့ပိုင်းမှာ ပိုမိုသုံးစွဲကြပြီး ဆေးဝါးအဖြစ်နဲ့လည်း သုံးကြပါတယ်။ အနောက်တိုင်းမှာတော့ မုန့်တွေ ဝိုင်တွေ ပြုလုပ်တဲ့ အခါမှသာ သုံးပြီး မီးဖိုချောင်ထဲမှာတော့ အမြဲနေရာ ယူမထားပါဘူး။

မြန်မာပြည်မှာတော့ ဘာအသားဟင်း ချက်ချက် ဂျင်း ပါပါတယ်။ အချို့ဟင်းချို၊ ချဉ်ရည်၊ အရွက်ကြော်တွေမှာတောင် ဂျင်းကို ထည့်ကြပါတယ်။ မရှိမဖြစ်လို့ ပြောရလောက်အောင် မီးဖိုချောင်တိုင်းလိုလို ဂျင်းရှိပါတယ်။ ဂျင်းဟာ ဟင်းခတ်အနေနဲ့တင် အသုံးဝင်တာ မဟုတ်ဘဲ ဆေးဖက်ဝင် အစားအစာ တစ်ခုဆိုလည်း မမှားပါဘူး။ ကျန်းမာရေး အကျိုးကျေးဇူးကောင်းတွေဟာ ထိုအရာလေးမှာ တည်ရှိနေပါတယ်။ ဂျင်းမှာ ကာဗွန်ဟိုက်ဒရိတ်၊ သကြားဓာတ်၊ အမျှင်ဓာတ်၊ ပရိုတင်း၊ အဆီဓာတ်တို့ အချိုးညီစွာ ပါဝင်ပါတယ်။ အခုဆိုရင် ဝိတ်ချလိုသူတွေက ဂျင်းကို ရေနွေးစိမ်ကာ သံပုရာရည်အနည်းငယ်ထည့်ပြီး သောက်ပေးခြင်းဖြင့် ဝိတ်ချနေကြပါပြီ။

ဂျင်းကို ပုံမှန် စားပေးခြင်းဖြင့် ရောင်ရမ်းမှုကို သက်သာစေပြီး အစာအိမ်နဲ့ အူလမ်းကြောင်းတွေမှာ ဖြစ်ပွားတဲ့ ကင်ဆာကိုလည်း ဟန့်တားပေးနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ ဓမ္မတာကာလ ကိုက်ခဲတာတွေကို သက်သာစေပြီး ထိန်ကျန်ခြင်း မရှိစေဖို့ ဂျင်းပြုတ်ရည်ကို သောက်ပေးရပါတယ်။ ကိုယ်ဝန်ရှိနေစဉ် ကာလတွေမှာ အော့အန်တာတွေကို မဖြစ်စေဖို့ ဂျင်းပြုတ်ရည် အနည်းငယ် သောက်ပေးရင်ပဲ သက်သာစေနိုင်ပါတယ်။ ဂျင်းကို ထွင်ပြီး သုပ်လည်း စားကြပါတယ်။ ဂျင်းသုပ်ဟာ အလှူ၊ မင်္ဂလာဆောင်တွေမှာ ဧည့်ခံတဲ့ မုန့်ပွဲတစ်ပွဲ အနေနဲ့လည်း အသုံးတော်ခံနိုင်ပါသေးတယ်။

အနောက်တိုင်း လေ့လာသူ တချို့မှ ဂျင်းကို စားသုံးခြင်းဖြင့် Virus များကြောင့် ဖြစ်သည့် အချို့ရောဂါ တော်တော် များများ ပျောက်ကင်းနိုင်ကြောင်း တွေ့ရှိထားပါသည်။ ဂျင်း၊ ဖန်ခါးသီးနှင့် ထောပတ်ကို ရောချက်၍ သက်ရှည် တေဆေးအဖြစ်လည်း အသုံးပြု နိုင်ကြပါသည်။ နေ့စဉ် စားသုံးနေတဲ့ မီးဖိုချောင်ထဲက အဖိုးတန် ဂျင်းအကြောင်းကို ဝေမျှလိုက်ရပါတယ်။ အားလုံးပဲ ကျန်းမာကြပါစေ။