ရွှေဖရုံသီးလို့ ပြောလိုက်တာနဲ့ အနောက်တိုင်းပြည်တွေမှာတော့ ပွဲတော်တစ်ခုကို တန်းမြင်မိကြသလို ဒီမှာတော့ ပင်စိမ်းရွက်လေး အုပ်ထားတဲ့ ဟင်းတစ်ပွဲကို ပြေးမြင်ကြပါလိမ့်မယ်။ မိုးတွင်းမှာ စားလို့ ကောင်းမယ့် ဟင်းလျာ တစ်မျိုးကတော့ ရွှေဖရုံသီးချက်ပါ။ ရွှေဖရုံသီးကို သရေစာ အဖြစ် အချိုပွဲတွေ ပြုလုပ်ပြီးတော့လည်း စားကြပါတယ်။ ဖရုံသီးဆနွင်းမကင်း ဆိုရင် ချိုဆိမ့်နေတဲ့ မုန့်အချိုပွဲအဖြစ် တည်ခင်းကျွေးမွေးလေ့ ရှိပါတယ်။
ရွှေဖရုံသီးမှာ ပရိုတင်း၊ သဘာဝအဆီ၊ ကစီဓာတ်၊ ဗီတာမင် အေ,ဘီဝမ်း,ဘီတူး,စီ ၊ ကယ်လ်ဆီယမ်၊ အမျှင်ဓာတ်နဲ့ သံဓာတ်တို့ ပါဝင်ပါတယ်။ ရွှေဖရုံသီးဟာဆိုရင် အပင်ရဲ့ အညွှန့်ကိုလည်း ချက်စားကြော်စားလို့ ရသလို ဖရုံစေ့ဟာဆိုရင်လည်း လူကြိုက်များလှတဲ့ သရေစာ တစ်မျိုးပါ။ တစ်ပင်လုံး အသုံးဝင်လှတဲ့ ရွှေဖရုံသီးဟာ လူသားတွေကိုလည်း အကျိုးပြုနေပါသေးတယ်။ ရွှေဖရုံသီးဟာ အပြင်အစိမ် အတွင်း ရွှေဝါရောင် ရှိပြီး အပြင်အ၀ါ အတွင်းအ၀ါလည်း ရှိပါတယ်။ ရွှေဖရုံသီးကို ချက်စားတဲ့အခါ စီးနေတဲ့ အသီးမျိုးကို လူတွေက ပိုပြိး ကြိုက်ကြပါတယ်။
ရွှေဖရုံသီးကို စားခြင်းကြောင့် ကိုယ်အလေးချိန်တက်မှာ ပူစရာ မလိုပါဘူး။ ၀ိတ်ထိန်းနေသူတွေအတွက် ကစီဓာတ် ပါဝင်ပြီးသား ဖြစ်တဲ့ ရွှေဖရုံသီးကို စားပေးရင် အစာ စားချင်စိတ်ကို လျော့ချပေးနိုင်ပါတယ်။ မျက်စိ အဝေးမှုန်၊ အနီးမှုန်တို့နဲ့ ကြက်မျက်သင့် ရောဂါတွေကို သက်သာစေနိုင်တဲ့ ဗီတာမင်အေဓာတ် ပါဝင်တာကြောင့် မျက်လုံးအားနည်းသူတွေ ရွှေဖရုံသီး စားပေးသင့်ပါတယ်။ အသားအရေ ကြည်ပြီး ၀င်ေးစဖို့ အတွက် ကူညီပါတယ်။ အမျှင်ဓာတ်အများအပြား ပါဝင်တာကြောင့် အစာကြေညက်စေပြီး အအေးစာလို့ ပြောတဲ့ ရွှေဖရုံသီးကို ပူတဲ့အချိန်တွေမှာ စားသင့်ပါတယ်။
ရွှေဖရုံသီးရဲ့ ရေဓာတ်ပါဝင်မှုဟာ မြင့်မားတဲ့အပြင် ပိုတက်ဆီယမ် ပါဝင်တာကြောင့်လည်း နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ ဆီးနဲ့ ပတ်သတ်တဲ့ ရောဂါတွေကို သက်သာစေပြီး အရိုးကြွပ်ဆတ်တာတွေ မဖြစ်အောင်လည်း တားဆီးပေးပါတယ်။ ရွှေဖရုံသီးကို ချက်တဲ့အခါမှာ အခွံတွေကို မခွှာပစ်ဘဲ ရေစင်အောင် ဆေးပြီး ထည့်ချက်သင့်ပါတယ်။ သူရဲ့ အခွံမှာ Antioxidants တွေ ပါဝင်ပြီး ဆဲလ်တွေကို ရှင်သန်စေဖို့ ကူညီနိုင်ပါတယ်။