ယနေ့ခေတ် ဟင်းသီးဟင်းရွက်များနဲ့ သစ်သီးဝလံများက ရှေးလွန်ခဲ့တဲ့ သစ်သီးဝလံများနဲ့ အရသာကွာခြားရုံမက ပုံသဏ္ဍာန်လည်း ခြားနားတယ်ဆိုတာကို သင် သိပါသလား။

သိပ္ပံပညာရှင်တွေရဲ့သိသာထင်ရှားတဲ့ ကြိုးစားအားထုတ်မှုများကြောင့် အရသာ မရှိတဲ့အစားအစာတွေရဲ့ အရသာက ထူးကဲကောင်းမွန်သွားပြီး ပုံသဏ္ဍာန်ကလည်း စားချင်စဖွယ်ပိုကောင်းသွားပါတော့တယ်။

ဘယ်လိုအစားအစာတွေကို လူသားတွေက အရသာထူးကဲကောင်းမွန်သွားအောင် ပြင်ဆင်ထားသလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ဖရဲသီး

ပန်းချီဆရာကြီး Giovanni Stanchi ရေးဆွဲထားတဲ့ ၁၇ ရာစုတုန်းက ပန်းချီကားအရ ထိုခေတ်က ဖရဲသီးတွေက ယခုခေတ်ဖရဲသီးတွေနဲ့ ပုံသဏ္ဍာန် ကွဲပြားခြားနာတယ်ဆိုတာကို သိမြင်နိုင်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ ကြိုးစားအားထုတ်မှုအရ ဖရဲသီးရဲ့အသားက ပိုများလာတာကို တွေ့မြင်နေရပါတယ်။

ငှက်ပျောသီး

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းခန့်က ငှက်ပျောသီးတွေကို သင် တစ်ခါမှ မြင်ဖူးမှာမဟုတ်ပါဘူး။ ငှက်ပျောသီးရဲ့အထဲကအသားတွေက အခေါင်းပေါက်တွေနဲ့ပြည့်နှက်နေတာပါ။ နှစ်ပေါင်း ၇၀၀၀ ခန့်ကြာမှ ယနေ့ခေတ်စားသုံးနေကြတဲ့ ငှက်ပျောသီးပုံသဏ္ဍာန်မျိုးအဖြစ် ပြောင်းလဲသွားတာပါ။

ခရမ်းသီး

ပထမဦးဆုံး ခရမ်းသီးကို စတင်စိုက်ပျိုးတဲ့နေရာကတော့ တရုတ်နိုင်ငံပဲဖြစ်ပါတယ်။ ထိုခေတ်က ခရမ်းသီးတွေက ဆူးများတဲ့အပြင် အရွယ်အစားလည်း သေးငယ်ပါသေးတယ်။ အရောင်ကလည်း အဝါရောင် (သို့မဟုတ်) မိုးပြာရောင်ရှိကြပါတယ်။ ယနေ့ခေတ်ကဲ့သို့ အရသာရှိပြီး အရွယ်အစားရှည်လျားတဲ့ ခရမ်းသီးအဖြစ်သို့ ပြောင်းလဲသွားဖို့ရန်အတွက် အချိန်တော်တော်ကြာအောင် ကြိုးစားအားထုတ်ယူခဲ့ရပါတယ်။

မက်မွန်သီး

ရှေးခေတ်က မက်မွန်သီးတွေက ယနေ့ခေတ် မက်မွန်သီးကဲ့သို့ အရည်မရွှမ်းတဲ့အပြင် အရွယ်အစားလည်း သေးငယ်ပါသေးတယ်။ ချယ်ရီသီးအရွယ်အစားလောက်ပဲ ရှိတာပါ။

သခွားသီး

လွန်ခဲ့သော နှစ်ပေါင်းများစွာက သခွားသီးတွေက ဆူးများနဲ့ ပြည့်နှက်နေပြီး အစေ့တွေလည်း များပြားပါတယ်။ ဒါ့အပြင် အဆိပ်ရှိတဲ့အတွက်ကြောင့် စားသုံးတဲ့နေရာမှာ အသုံးမပြုဘဲ ဆေးဝါးဖော်စပ်ရာမှာသာ အသုံးပြုကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ထောင်ခန့်ကမှ အိန္ဒိယနိုင်ငံက အစပြုပြီး စားသုံးလာခဲ့ကြတာပဲဖြစ်ပါတယ်။

ထောပတ်သီး

ထောပတ်သီး စပေါ်တုန်းက ထောပတ်သီးရဲ့ ၈၀ ရာခိုင်နှုန်းခန့်က အစေ့အကြီးကြီးနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပဲဖြစ်ပါတယ်။ နောက်ပိုင်းကျမှ အစေ့ကတဖြည်းဖြည်း သေးသွားပြီး အသားထူလာခြင်းဖြစ်ပါတယ်။

ခရမ်းချဉ်သီး

ပထမဦးဆုံးစတင်စိုက်ပျိုးတဲ့ ခရမ်းချဉ်သီးက ဘယ်ရီသီးအမဲကဲ့သို့ သေးငယ်ပါတယ်။ တောင်အမေရိကနိုင်ငံက စတင်စိုက်ပျိုးခဲ့တာပဲဖြစ်ပါတယ်။ ထိုအချိန်က ဥရောပနိုင်ငံတွေမှာတော့ ခရမ်းချဉ်သီးကို အဆိပ်ရှိတဲ့အသီးအဖြစ် မှတ်ယူခဲ့ကြတာပါ။

Source: Brightside.me